ဒီဇင်ဘာ ၂၄ ရက်
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများကိုပြုလုပ်နိုင်မည့် အခြေအနေများကို ဖန်တီးပေးရန်နှင့် ဆွေးနွေးပွဲပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မနေ့က ထုတ်ပြန်ပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းသည် လတ်တလောဖြစ်ပွားလျက်ရှိသည့် နယ်စပ်ပဋိပက္ခကို စေ့စပ်ညှိနှိုင်းပေးရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် နေ့မှ ၂၃ ရက်နေ့အထိ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သို့ သံတမန်ရေးခရီးစဉ် တစ်ခုကို ထပ်မံသွားရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်ပေးမှုများကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်စစ်ဆေးရာတွင် အာဆီယံလေ့လာသူများအဖွဲ့၏ အရေးပါသော အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ နှစ်ဖက်အလျှော့အတင်းပြုလုပ်ကာ တွေ့ဆုံဆွေးနွေးကြဖို့၊ အပြန်အလှန် ယုံကြည်မှုတွေ ပြန်လည်ရရှိအောင် ကြိုးပမ်းပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကော်ကျားကွန်းက အလေးအနက် ပြောကြားခဲ့သည်။
Ref: ခမာတိုင်းမ်စ်
