လောင်းကစားမှသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အွန်လိုင်းလိမ်လည်မှုများအထိ ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံထားရသည့် ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် ကွတ်အန်၏ သားတစ်ဦးနှင့် သမီးနှစ်ဦးကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်သည်။
အထောက်အထားများအရ ကစ်တီဆတ်၊ ဖူးချာလင်နှင့် ဂျူရီကလောင်ကစ်ကောလ်တို့သည် မိဘရင်းမဟုတ်သော ထိုင်းစုံတွဲတစ်တွဲမှတဆင့် နိုင်ငံသားဖြစ်ခွင့် တရားမဝင်ရရှိခဲ့ကြောင်းကို ပြသနေသည်ဟု ဝန်ကြီးဌာန၏ ပြည်နယ်ဆိုင်ရာအုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။
ထိုစုံတွဲသည် ရွိုင်အက်ပြည်နယ် ဖွန်ထောင်ခရိုင်တွင် ၎င်းတို့သုံးဦးကို မွေးစာရင်း မှတ်ပုံတင်ခဲ့သည်။ ထိုင်း ပီဘီအက်စ်သတင်းဌာန၏ အဆိုအရ ကတ်တီဆတ်ကို ၁၉၇၇ ခုနှစ် စက်တင်ဘာ ၉ ရက်၊ ဖူးချာလင်ကို ၁၉၇၉ ခုနှစ် ဧပြီ ၁၁ ရက်နှင့် ဂျူရီကို ၁၉၈၃ ခုနှစ် မေ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။
စုံတွဲ၏ အမည်ကို ဝန်ကြီးဌာနက ထုတ်ပြောခြင်းမရှိသော်လည်း ၎င်းတို့သည် ဘွန်းလင်းနှင့် ဇနီးဖြစ်သူ အမ်ဖိုင် ဆိုသူတို့ဖြစ်ကြောင်း မီဒီယာသတင်းများက အစောပိုင်းတွင် ထုတ်ဖော်ရေးသားခဲ့သည်။ ၎င်းတို့သည် ၁၉၉၀ ပြည့်နှစ် မေလမှ ဇွန်လအတွင်း ကွတ်အန်၏ ကလေးများ၏ မွေးစာရင်းကို မှတ်ပုံတင်ခဲ့ပြီး ကလေးသုံးဦးသည် ဆေးရုံများတွင် မွေးဖွားခဲ့ခြင်းမဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
ဖွန်ထောင်ခရိုင်အုပ်ချုပ်ရေးမှူး၏ လက်ထောက်တစ်ဦးသည် မွေးစာရင်းစာရွက်စာတမ်းများကိုမှတ်ပုံတင်သည့် တစ်ဦးတည်းသော အရာရှိဖြစ်ပြီး ၎င်းသည် ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်ဟု ထိုင်းပီဘီအက်စ်က ဆိုသည်။
ကစ်တီဆတ်၊ ဖူချာလင်းနှင့် ဂျူရီတို့၏ နေရပ်လိပ်စာများသည် ဘန်ကောက်မြို့ ပရာဝက်ခရိုင်တွင်ရှိပြီး ၎င်းတို့၏ အိမ်ထောင်စုမှတ်ပုံတင်ခြင်းကိုလည်း ပယ်ဖျက်ခဲ့ကြောင်း ဌာနက ပြောကြားခဲ့သည်။
ကွတ်အန်၏ သားနှင့် သမီးများသည် ယခုနှစ် ဇူလိုင်လတွင် ဘန်ကောက်နှင့် အခြားပြည်နယ်များရှိ ၎င်းတို့၏ ရုံးများနှင့် အိမ်များကို ရဲများက ဝင်ရောက်စီးနင်းခြင်းမပြုမီ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့သည်ဟု ယုံကြည်ရသည်။
Ref: ဘန်ကောက်ပို့စ်
