ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ) အစည်းအဝေးကို ထိုင်းနိုင်ငံက တက်ရောက်ရန် အသင့်မဖြစ်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောက်ကတ်ကောက စနေနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံကို အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယား၏ တရားဝင်ဖိတ်ကြားချက်ကို တုန့်ပြန်သည့်အနေဖြင့် ၎င်း၏ မှတ်ချက်များထွက်လာခြင်းဖြစ်ပြီး အချိန်အတန်ကြာ နှောင့်နှေးနေခဲ့သော နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကြိုးပမ်းမှုများကို ရှေ့ဆက်တိုးနိုင်လိမ့်မည်ဟု ဖနွမ်းပင်က မျှော်လင့်ထားသည်။
အစည်းအဝေးတွင် ဘန်ကောက်ပါဝင်ရန်ကို အတည်မပြုနိုင်မီ ထိုင်းနိုင်ငံ၏ ဂျေဘီစီ ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံပြောင်းလဲမှုများကို ဦးစွာ အပြီးသတ်ရမည်ဟု စီဟာဆက်က ပြောကြားခဲ့သည်။
အစည်းအဝေးကျင်းပဖြစ်သည့်တိုင် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကို အလျင်စလိုဦးတည်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ကာလကြာရှည်တည်ရှိခဲ့သော နယ်နိမိတ်ပြဿနာတွင် မြန်မြန်ဆန်ဆန်တိုးတက်မှုမျိုးကို မျှော်လင့်ချက်မထားရန် တိုက်တွန်းခဲ့သည်။
ထိုင်းဘက်ရှိ ဂျေဘီစီအစည်းအဝေးတိုင်းတွင် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို ဦးစွာအတည်ပြုရမည်ဟု ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို အသိပေးထားကြောင်း မစ္စတာ စီဟာဆက်က ပြောဆိုသည်။
၎င်းတို့တွင် ထိုင်းဂျေဘီစီ ဖွဲ့စည်းပုံအသစ်အတွက် အတည်ပြုချက်နှင့် နိုင်ငံတော်ဌာနများမှ ကော်မရှင်နာ မင်းကြီးများ ခန့်အပ်ခြင်းတို့ ပါဝင်သည်။ ပြည်တွင်းလုပ်ငန်းစဉ် ပြီးစီးသွားသည်နှင့် ထိုင်းနိုင်ငံသည် ဆက်လက်လုပ်ဆောင်ရန် အသင့်ဖြစ်နေမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးကို စောစီးစွာကျင်းပရန် ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုကို ၎င်းက အသိအမှတ်ပြုသော်လည်း ထိုင်းနိုင်ငံသည် ၎င်း၏ ကိုယ်ပိုင်အချိန်ဇယားကို လိုက်နာရမည်ဟု ဆိုခဲ့သည်။ မေလအစောပိုင်းတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် ယင်းပြဿနာကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးဖြစ်နိုင်ကြောင်း မစ္စတာ စီဟာဆက်က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
