စီဆာကက်ပြည်နယ်ရှိ နယ်စပ်ဧရိယာတွင်ကင်းလှည့်နေသည့် ထိုင်းစစ်သားလေးဦးသည် မြေမြှုပ်မိုင်းထိပြန်သဖြင့်ကမ္ဘောဒီးယားစစ်သားများကို လွှတ်ပေးရေးအစီအစဉ်နှင့် ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တနင်္လာနေ့တွင် ဆိုင်းငံ့လိုက်သည်။
တနင်္လာနေ့ နံနက် ၉ နာရီခွဲခန့်က မိုင်းထိခဲ့သော စစ်သားလေးဦးအနက်တစ်ဦးသည် ညာဘက်ခြေထောက်ဆုံးရှုံးခဲ့ပြီး ကျန်သုံးဦးသည် အသေးစားဒ-ဏ်ရာများသာ ရခဲ့သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားရန် လက်နက်ကိုင်တပ်ဖွဲ့၏ အကြံပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် သူက သဘောတူခဲ့ကြောင်း မစ္စတာအနူတင်က ပြောကြားခဲ့သည်။
“ဖြစ်ပျက်ခဲ့တာတွေက ထိုင်းနိုင်ငံအပေါ် ရန်လိုမှုနဲ့ လုံခြုံရေးခြိမ်းခြောက်မှုက ဆက်ရှိနေတယ်ဆိုတာကို ပြသနေပါတယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
ထိုင်းစစ်သားများ ပုံမှန်ကင်းလှည့်နေသည့် လမ်းကြောင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် မကြာခင်ကမှ ထောင်ထားသောမြေမြှုပ်မိုင်းဖြစ်နိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး နာထာပွန် နာ့ခ်ဖာနစ်က ပြောကြားခဲ့သည်။
ယင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်ကို ကမ္ဘောဒီးယားဘက်က မလိုက်နာသည့် လုပ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး နာထာပွန်က ပြောဆိုခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ကမ္ဘောဒီးယားကို ကန့်ကွက်စာပို့ခဲ့သည်။ စုံစမ်းစစ်ဆေးမှုအတွင်း ပေါက်ကွဲမှုသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရန် ရည်ရွယ်ချက်ရှိကြောင်း ကောက်ချက်ချပါက နောက်ထပ်အရေးယူမှုများပြုလုပ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
