ကမ္ဘာ့ရွှေ (Spot Gold) တစ်အောင်စ ၂၃၁၇ ဒေါ်လာထိ ကျဆင်းသွားချိန် ရန်ကုန်ရွှေအသင်း YGEA က အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၄၆၂၉,၅၅၁ ကျပ်ဖြင့် ဈေးဖွင့်သတ်မှတ်ပေးထားကြောင်း သိရသည်။
ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအားလုံး YGEA အသင်း၏ သတ်မှတ်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန်လည်း အသိပေးထားပြီး ဖြစ်သည်။
မေလ (၂၉) ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၈) သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး နောက်ပိုင်း ဈေးကွက်အတွင်း ရွှေလုပ်ငန်းရှင်အချို့စစ်ဆေးခံနေရကာ ရွှေဆိုင်အချို့ အခေါက်ရွှေ အရောင်းရပ်နားထားကြကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း ပြည်တွင်းရွှေဈေး ကျပ် (၄၁) သိန်းကျော်သာရှိရာမှ ဧပြီလတွင် ကျပ် (၄၅) သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး မေလအလယ်မှ စတင်ကာ ကျပ်သိန်း (၅၀) ကျော်သို့ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရွှေဈေးအဆမတန် မြင့်တက်ခဲ့မှုကြောင့် ရွှေဆိုင်ပိုင်ရှင်အချို့နှင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ အချို့ကို ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သလို နာမည်ကြီး ရွှေလုပ်ငန်းရှင်အချို့နှင့် ပွဲစားများ၊ ရွှေလုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဝရမ်းထုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
တရုတ်ဗဟိုဘဏ်ကလည်း အာရှအတွင်း ရွှေဝယ်ယူမူကို ၁၈ လတာအရှိန်မြှင့်ဝယ်ယူခြင်းအား ဧပြီလကုန်က ရုတ်တရက် ရပ်တန့်လိုက်သည့် အတွက် ကမ္ဘာ့ရွှေစျေးပြန်လည်ကျလာသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ကြသည်။
