အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူးခဲ့ကြောင်းမြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ သိရသည်။
မြန်မာ့ဗိုဗီနမ်အားကစားမယ် မမေဟန်နီအောင်လွင်က တစ်ကိုယ်တော် (ဓားမြှောင်နှစ်လက်) အပြပွဲစဉ်မှာ ရွှေတံဆိပ်ဆု၊ မနှင်းသက်ဝေက ၄၈-၅၁ ကီလိုတန်းအတိုက်မှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာက အားကစားနည်း (၉)မျိုးတွင် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၄)ဆုနှင့် ကြေးတံဆိပ် (၆)ဆုတို့ရရှိထားကြောင်း သိရသည်။
ဗိုဗီနမ်အားကစားနည်းသည် နိုင်ငံပေါင်း (၅၀) ကျော်အထိ ပျံ့နှံလျက်ရှိပြီး ကမ္ဘာ့ပြိုင်ပွဲ၊ အာရှပြိုင်ပွဲများ SEA Games ပြိုင်ပွဲတို့တွင် အားကစားအသွင်ဖြင့် ထည့်သွင်းကျင်းပမှုများပြုလုပ်ခဲ့သည်။
အဆိုပါ ဗိုဗီနမ်အားကစားနည်းအား SEA Games ပြိုင်ပွဲဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် လက်ခံကျင်းပသည့် ၂၀၁၁ ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ စ၍ ပထမဆုံးအကြိမ်ထည့်သွင်းကျင်းပခဲ့ပြီး ၎င်းပြိုင်ပွဲတွင် အပြအားကစားနည်း(၁၀)နည်း၊ အတိုက်အားကစား နည်း(၄)နည်း၊ စုစုပေါင်း (၁၄) နည်း ထည့်သွင်းကျင်းပခဲ့သည်။
