ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ အဓိကကူးစက်ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်မျိုးကွဲများမှာ XBB.1.9၊ XBB.1.16 နှင့် XBB.2.3 တို့ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါသည် ပြီးဆုံးသွားခြင်းမရှိသေးကြောင်း ဇူလိုင်လဆန်းပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အသိပေးပြောကြားထားသည်။
၎င်းဗိုင်းရပ်စ်မျိုးကွဲများသည် ဗိုင်းရပ်စ်ကူးစက်မှုအားလုံး၏ လေးပုံတစ်ပုံခန့်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က Arcturus ဟု လူသိများသည့် XBB.1.16 ဗိုင်းရပ်စ်မျိုးကွဲကို “သတိဖြင့်စောင့်ကြည့်ရမည့် မျိုးကွဲ”အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ပေမယ့် ကပ်ရောဂါ၏ ခြိမ်းခြောက်မှုသည် ပြီးဆုံးသွားခြင်းမရှိသေးကြောင်းနှင့် နိုင်ငံအချို့တွင် COVID-19 လှိုင်းသစ်များ စတင်ဖြစ်ပွားမှုများရှိ၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို မြှင့်တင်ဆောင်ရွက်ရန် WHO သတိပေးပြောကြားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ အပါအဝင် အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ဖြစ်ပွားမှုကြောင့် ပြည်တွင်းကူးစက်မှုများ များပြားခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် စတင်ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့သည့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစကာ ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့ရောက်ရှိခဲ့ပြီးသည့်နောက် မျိုးရိုးဗီဇပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍လည်း ပြောင်းလဲလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။
မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက် ဖြစ်ပွားခဲ့သည့် XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇ ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများ ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသခံရမှု၊ သေဆုံးမှုလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်းနှင့် အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများတွင်မူ ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများ ရုပ်သိမ်းခဲ့ပြီးနောက် တစ်လချင်းစီအလိုက် ကိုဗစ်ကြောင့် သေဆုံးမှုများ အနည်းငယ်မြင့်တက်ခဲ့ကာ ဇွန်လအတွင်း ကိုဗစ်ကြောင့် လူ ၂၃၉ ဦးသေဆုံးခဲ့သည်ဟု တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ (CCDC) က ဇူလိုင်လ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။