ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တင်ရေး ထိုင်းနှင့် ဗီယက်နမ်တို့ ပူးပေါင်းမည်
ဘန်ကောက်၊ ဩဂုတ် ၂၉
ထိုင်းနှင့် ဗီယက်နမ်တို့သည် ကမ္ဘာ့ဈေးကွက်၌ ဆန်ဈေးနှုန်းမြင့်တင်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက ဩဂုတ်လ ၂၉ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနှင့် ဗီယက်နမ်တို့သည် ကျေးလက်ဝင်ငွေတိုးတက်စေရးအတွက် ရည်ရွယ်၍ လပေါင်းများစွာကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒါဟာ ထိုင်းနဲ့ ဗီယက်နမ်တို့ ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးမြှင့်တင်ဖို့အတွက် ပထမဆုံး အကြိမ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာပါ” ဟု ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး၏ အကြံပေး ဖြစ်သူ Alongkorn Ponlaboot က ဗီယက်နမ် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုင်းနှင့် ဗီယက်နမ်တို့သည် မေလကတည်းက စ၍ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အဆိုပါဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံ၏ ဆန်တင်ပို့မှု စျေးနှုန်းကို မြှင့်တင်ရန်၊ ကမ္ဘာ့ဈေးကွက်၌ ရောင်းအားကို မြှင့်တင်ရန်နှင့် လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန်အတွက်သာ ဖြစ်သည်။
အဆိုပါနှစ်နိုင်ငံသည် ကမ္ဘာ့ဆန်ကြမ်းထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ပို့ကုန် ၂၆ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည်ဟု အမေရိကန်စိုက်ပျိုးဌာနက ဆိုသည်။
မည်သည့်အချိန်တွင် ဆန်းဈေးမြှင့်တင်မှုစတင်အကျိုးသက်ေရာက်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲ အကျဉ်းချုပ်နှင့် ဆန်ဈေးနှုန်းများ ပူးတွဲမြှင့်တင်မည့် အကြံပြုချက်ကို သက်ဆိုင်ရာနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးများထံ တင်ပြသွားမည်ဖြစ်ကြောင်း Alongkorn က ပြောကြားခဲ့သည်။
“ဒီကိစ္စကို အကောင်အထည်ဖော်နိုင်မှာလားလို့ မေးရင်တော့ တိကျတဲ့ အဖြေကို ကျွန်တော်ပေးနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ ဟာ စိုက်ပျိုးရေးလောကမှာ မဟာဗျူဟာမြောက် မိတ်ဖက်တွေအဖြစ် အတူတကွ လက်တွဲပြီး ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပါပြီ” ၎င်းကဆိုသည်။
ဗီယက်နမ် စားနပ်ရိက္ခာအဖွဲ့နှင့် ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့က အဆိုပါကိစ္စနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။
Source: စီအင်န်အေ