ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်နိုင်ကြစေရန် ရည်ရွယ်၍ ဇွန် (၂) ရက်(နယုန်လပြည့်)နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည့် နယုန်လပြည့် မဟာသမယနေ့ အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ပေါ်ရှိ ခေါင်းလောင်းများအား (၁၁) ကြိမ်တပြိုင်တည်းတီးခတ်ခဲ့ကြောင်း သိရသည်။
နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားအား ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကာ ယမန်နေ့ နံနက် (၅) နာရီခွဲတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းကပ်လှူပူဇော်ခဲ့ကြသည်။
ထို့ပြင် နံနက် ၆ နာရီခွဲ၌ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများနာကြားခြင်းနှင့် ရေစက်ချအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် နံနက် (၇) နာရီအချိန်တွင် မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက မင်း၊မိဖုရား၊မှူးမတ်၊စစ်သည်အဆောင် အယောင်များဖြင့် အဖွဲ့(၂)ဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း အစရှိသော တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြုဝတ်စုံများ ဝတ်ဆင်၍ ရွှေတိဂုံ စေတီတော် ရင်ပြင်တော်မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန်ဆောင်းမှ စတင်ကာ စေတီတော်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့နောက် မဟာသမယ အခါတော်နေ့ အခမ်းအနားကို ချမ်းသာကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပပြီးနောက် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ကြစေရန်ရည်ရွယ်၍ မေတ္တာပို့ဆုတောင်းစာကို (၃)ကြိမ်ရွတ်ဆိုဆုတောင်းပြီး ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများအား (၁၁) ကြိမ်တစ်ပြိုင်တည်း တီးခတ်ခဲ့ကြသည်။