စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော် စေတီတော်ပတ်လည်တွင် ပင့်သံဃာအပါး (၈၀)ကို ဗုဒ္ဓပူဇနိယဘုရားပွဲတော်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ နံနက်(၈)နာရီတွင် ဆွမ်းဆန်စိမ်းနှင့် သံဃာ့ဒါန စာရေးတံမဲများ လောင်းလှူကြမည်ဖြစ်ကြောင်းသိရသည်။
” ဟိုးအရင် ဘုရားပွဲတွေတုန်းက ပင့်သံဃာအပါး (၁၅၀) လောက်ကိုဆွမ်းဆန်စိမ်းနဲ့ လှူဖွယ်တွေလောင်းလှူကြတယ်။ မုံရွာမြို့ပေါ်နဲ့ ကျေးရွာတွေက လာလှူကြတာပါ။ ပင့်တဲ့သံဃာအရေအတွက်က တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ဘုရားပွဲလာလှုကြမယ့်သူတွေက ပင့်သံဃာဘယ်နှစ်ပါးရှိတယ်ဆိုတာ နားစွင့်သိမှ လှူဖို့အလှူငွေ၊ ပစ္စည်း၊ စားစရာတွေ ယူလာလို့ရကြတာပါ။ လှူတဲ့သူတွေက ကိုယ်တတ်နိုင်သလောက်တစ် ဇွန်းဆန်ကစပြီး ငွေတွေ သောင်းချီ၊ ပစ္စည်းတွေအများကြီးအထိလှူကြတဲ့ ကုသိုလ်ပွဲပါ။ ပင့်သံဃာအားလုံး ဆွမ်းဆန်နဲ့လှူဖွယ်တွေ အရအများဆုံးပွဲလို့ ပြောရမှာပါ”ဟု မိုးညှင်းသမ္ဗုဒ္ဒေဘုရား ဓာတ်ပုံဆရာ ကိုထွန်းထွန်းဝင်းက ပြောသည်။
မိုးညှင်းသမ္ဗုဒ္ဓေ ကပ်ကျော်စေတီတော်မြတ်ကြီး ဘုရားပွဲတော်တွင် စျေးလာရောက်ရောင်းချမည့်သူများအတွက် လာမည့် တန်ဆောင်မုန်းလဆန်း (၉) ရက်နေ့တွင် ဆိုင်ခန်းနေရာများကို ချထားပေးမည်ဖြစ်ကြောင်း ဘုရားပွဲကျင်းပရေးဦးဆောင်သူများထံက သိရသည်။
ယခင် ကိုဗစ်မဖြစ်ခင်ကာလများက မိုးညှင်းသမ္ဗုဒ္ဓေကပ်ကျော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး ၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စသည့်မြို့ကြီးများနှင့် မုံရွာမြို့နှင့် အနီးဝန်းကျင်မှ ပင့်သံဃာအပါး (၁၅၀) ဝန်းကျင်ပင့်ဖိတ်လောင်းလှူခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်မှပင့်သံဃာ (၇၅)ပါး ပင့်ဖိတ်လောင်းလှူခဲ့ကြကာ ယခုနှစ်တွင်အပါး (၈၀) ပင့်ဖိတ်လောင်းလှူရန် စီစဥ်လျက်ရှိကြောင်း သိရသည်။
