ရန်ကုန်တိုင်းဒေသကြီးရှိ ကန်တော်ကြီးအတွင်း ရေဆင်းကူးသည့် လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ယနေ့ ဩဂုတ်လ ၃ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် ၂၅ အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးသည် ယနေ့ နံနက် ၁၀ နာရီခန့်က ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီး ရေပြင်တွင် ရေနစ်နေကြောင်း သတင်းပေးပို့လာသည့်အတွက် သွားရောက်ကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ရေနစ်နေတယ်လို့ အကြောင်းကြားလာလို့ ကူညီရှာဖွေရေးတွေ လုပ်တယ်၊ ၂ နာရီလောက် ရှာလိုက်ရတယ်၊ ရေဆင်းကူးရင်းကဖြစ်တယ်လို့ပဲ သိထားပါတယ်” ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
ရေနစ်မှုကြောင့် မင်္ဂလာတောင်ညွန့်ကွန်ယက် မှ ဒီဃာယုက၊ သပြေကုန်း၊ မေတ္တာပီတိ နှင့် ကျီတော်အသင်းတို့နှင့် ရန်ကုန်ရေငုတ် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းဆယ်ယူပြီး DB အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ PR နံပါတ် 017 ဖြင့် အပ်နှံကူညီ ကုသိုလ်ယူခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း