အင်္ဂါနေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် ဆိုင်ယွတ်ခရိုင်ရှိ ဓာတ်ဆီဆိုင်ဟောင်းတစ်ဆိုင်တွင် ရပ်ထားသော ပစ်ကပ်ထရပ်တစ်စီးပေါ်တွင် ထိုင်းနိုင်ငံ၌ အလုပ်ရှာဖွေရန် ရောက်ရှိနေသည့် တရားမဝင် မြန်မာနိုင်ငံသား ၂၅ ဦးကို တွေ့ရှိခဲ့သည်။
စစ်သားနှင့် ရဲ စုစုပေါင်း ၃၀ ပါဝင်သော အဖွဲ့သည် လူကုန်ကူးသူများ၏ လှုပ်ရှားမှုများအကြောင်း သတင်းရ၍ ထိုဒေသတွင် ကင်းလှည့်နေခဲ့ကြခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အထီဆန်အင်ထရာက ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် ဆိုင်ယွတ်မြို့ရှိ ဓာတ်ဆီဆိုင်ဟောင်းတစ်ဆိုင်တွင် ရပ်ထားသော သံသယဖြစ်ဖွယ် ပစ်ကပ်ထရပ်ကိုတွေ့ရှိခဲ့ကြပြီး အနီးကပ်စစ်ဆေးခဲ့ရာတွင် ကားနောက်ပိုင်း၌ အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၇ ဦး လိုက်ပါလာခဲ့သည်ကို တွေ့ရှိခဲ့သည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြောင်းနှင့် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန်အတွက် သဘာ၀ ကုန်းလမ်း၊ ရေလမ်းများအတိုင်း ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း အားလုံးက ဝန်ခံခဲ့ကြသည်။
၎င်းတို့သည် နခွန်ပထုံနှင့် စမွတ်ဆခွန်ပြည်နယ်များတွင် အလုပ်အကိုင်ရမည်ဟူသော ကတိကဝတ်အရ လာရောက်ခဲ့ခြင်းဖြစ်ကာ ယင်းနေရာသို့ ပို့ဆောင်ပေးခအဖြစ် တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ စီ ပေးခဲ့ရကြောင်း ပြောဆိုခဲ့သည်။
၎င်းတို့ကို တရားစွဲဆိုပြီးနောက် ပြည်နှင်ဒ-ဏ်ပေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
