ကနေဒါနိုင်ငံရှိ တောမီးများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များသည် အမေရိကန် နိုင်ငံအထိပါ ကူးစက်ပျံ့နှံ့လာသဖြင့် နူးယော့ခ်အာဏာပိုင်များသည် ဒေသခံများအား အိမ်ပြင်ထွက်ချိန်ကို ကန့်သတ်ကြရန် ဇွန်လ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးခိုးငွေ့များကြောင့် နူးယော့ခ်မြို့ရှိ လေထုသည် ညှော်နံ့ကဲ့သို့ နံ့လာပြီး ကောင်းကင်ယံသည်လည်း လိမ္မော်ရောင် သန်းလာသဖြင့် စည်ပင်အရာရှိများက ဒေသခံများအား အိမ်ထဲ၌သာ နေထိုင်ကြရန် ပြောထားသည်။
ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ အိုင်ကျူအဲလ်၏ ပြောကြားချက်အရ နူးယော့ခ်မြို့၏ လေထုအရည်အသွေးသည် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာပေါ်၌ အဆိုးရွားဆုံး ဖြစ်လာကြောင်း သိရသည်။
နူးယော့ခ် အပြင် အမေရိကရှိ ပြည်နယ်ပေါင်း တစ်ဒါဇင်ကျော်၌လည်း လေထုအရည်အသွေး သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။
ယခုလက်ရှိ ကနေဒါနိုင်ငံတွင် ငြိမ်းသတ်၍ မရနိုင်ဟု သတ်မှတ်ထားသော တောမီး ၁၁၀ ကျော် အပါအဝင် တောမီးပေါင်း ၄၀၀ ကျော် လောင်ကျွမ်းလျက်ရှိကြောင်း ကနေဒါ တောမီးလောင်ကျွမ်းမှု ထိန်းချုပ်ရေးစင်တာ က ဖော်ပြထားသည်။
Source: WION