ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) ၏ ခေါင်းဆောင် ကင်ဂျုံအွန်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် လာအိုသမ္မတဖြစ်သူ သောင်လောင် ဆီဆိုလစ်နှင့် အင်္ဂါနေ့က ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း တရားဝင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်သည်။
ကင်ဂျုံအွန်၏ ဖိတ်ကြားချက်အရ သောင်လောင်သည် အင်္ဂါနေ့အစောပိုင်းတွင် ပြုံယမ်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကင်က DPRK ပါတီ၊ အစိုးရနှင့် ပြည်သူတို့အနေဖြင့် လာအိုပါတီနှင့် ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှုများတွင် ပိုမိုကြီးမားသော အောင်မြင်မှုများ ရရှိပါစေကြောင်း ဆန္ဒပြုပါသည်ဟု ပြောကြားခဲ့သည်။
လာအိုသည် ကိုရီးယားပြည်သူတို့၏ အစဉ်အမြဲ ခင်မင်ရင်းနှီးသော မိတ်ဆွေရင်းဖြစ်ကြောင်းနှင့် ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက်တိုးတက်စေရန်မှာ လာအိုနိုင်ငံတော်ခေါင်းဆောင်မှုအဖွဲ့၏ အစဉ်အမြဲ မှန်ကန်သော ရပ်တည်ချက်ဖြစ်ကြောင်း သောင်လောင်က ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက ပါတီနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ ၎င်းတို့၏ အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မည်သို့မြှင့်တင်ရမည်ကိုပါ ဆွေးနွေးခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
နှစ်ဖက်ပြည်သူတို့၏ ဆန္ဒနှင့်မျှော်မှန်းချက်နှင့်အညီ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံအကြား ရိုးရာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် ပိုမိုခိုင်မာလာမည်ဟု မျှော်လင့်ခြင်းနှင့် ယုံကြည်ချက်ကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်ဟုလည်း ထပ်လောင်းဖော်ပြထားသည်။
