ကချင်ပြည်နယ်ရှိ ရေခဲတောင်တက်ခရီးစဥ်သွားရောက်ရန် သြဂုတ်လအတွင်း၌ပင် ကြိုတင်စာရင်းပေးထားသည့် ပြည်တွင်းခရီးသွားများရှိနေကြောင်း ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်များထံမှ သိရသည်။
“ကျွန်တော်တို့သိရသလောက်ဆိုရင် သြဂုတ် ၁၉ ရက်အထိ ရေခဲတောင်တက်ခရီးစဥ်သွားဖို့စာရင်းပေးထားတဲ့ ပြည်တွင်းခရီးသွားဦးရေ ၄၀ ဦးလောက်ရှိပါပြီ ထပ်တိုးလာဖို့ရှိတယ် ရေခဲတောင်တက်ချင်တဲ့ ပြည်ပခရီးသွားတွေလည်းရှိပါတယ်” ဟု ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်တစ်ဦးကပြောသည်။
ကချင်ပြည်နယ်ရှိ ရေခဲတောင်တက်ရန်နှင့်ကချင်ပြည်နယ်၏အလှအပများကိုခံစားနိုင်ရန် နှစ်စဥ် ပွင့်လင်းရာသီဖြစ်သည့် စက်တင်ဘာလမှဒီဇင်ဘာလအထိ ပြည်နယ်အတွင်းသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များလာရောက်မှုများပြားကြောင်း သိရသည်။
“ရေခဲတောင်တက်ဖို့ဆိုရင်ကြိုတင်စာရင်းပေးရပါတယ် ရေခဲတောင်တက်ချင်သူတွေအနေနဲ့ သက် လုံကောင်းအောင် ကျန်းမာရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရပါမယ် လမ်းခရီးလုံခြုံရေးနဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသခံခရီးသွားလမ်းညွှန်တွေနဲ့ဒေသခံတွေပြောတဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ရပါမယ်”ဟု ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်တစ်ဦးကပြောသည်။
ကချင်ပြည်နယ်၌ ရေခဲတောင်အများအပြားရှိပြီး ရေခဲတောင်တက်ခရီးစဉ်အဖြစ် ဖုန်ကန်ရာဇီရေခဲ တောင်အား အများဆုံးသွားရောက်လေ့ရှိပြီး စွန့်စားလိုသည့်သူများအနေဖြင့် ခါကာဘိုရာဇီရေခဲ တောင်သို့လည်းသွားရောက်လေ့ရှိကြောင်း သိရသည်။