ကက်ရှ်မီးယားဒေသ ကမ္ဘာလှည့်ခရီးသွားမြို့ ပါဟယ်လ်ဂမ်တွင် ေ-သနတ်သမားများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့သဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင့်နှိမ့်ချမည့် အစီအမံတစ်ရပ်အား ကြေညာလိုက်သည်။
အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုရှိကြောင်း လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ အထူးအစည်းအဝေးတွင် ထုတ်ဖော်တင်ပြခဲ့ပြီးနောက် ပါကစ္စတန်ကို အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား အဓိက ကုန်းမြေနယ်စပ်ဂိတ်ကို ချက်ချင်းပိတ်မည်ဖြစ်ကာ နှစ်နိုင်ငံအကြာ အင်ဒုစ်မြစ်ကြောင်းစနစ်မှ မြစ်ရေခွဲဝေသုံးခွင့်ပြုသည် ရေစာချုပ်ကို နူးဒေလီဘက်က ဆိုင်းငံ့ထားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် တောင်အာရှ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း(SAARC) ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အရ ပါကစ္စတန်နိုင်ငံသားများ အိန္ဒိယသို့ ခရီးသွားလာမှုကို တားမြစ်မည်ဖြစ်ကာ အဆိုပါ ဗီဇာကို အသုံးပြုသော ပါကစ္စတန်နိုင်ငံသားများအနေဖြင့် နိုင်ငံတွင်းမှ ထွက်ခွာရန် ၄၈ နာရီ အချိန်ပေးထားကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
နူးဒေလီရှိ ပါကစ္စတန်သံရုံးမှ ကာကွယ်ရေးအကြံပေးများကို မလိုလားအပ်သော ပုဂ္ဂိုလ်များအဖြစ် ကြေညာခဲ့ကာ နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားခဲ့သည်ဟု Misri က ပြောဆိုသည်။ ထို့အပြင် အစ္စလာမ်မာဘတ်ရှိ အိန္ဒိယသံရုံး၏ ဝန်ထမ်းအင်အားကို ၅၅ ဦးမှ ၃၀ ဦးသို့ လျှော့ချလိုက်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
အိန္ဒိယအစိုးရ၏ ယင်းထုတ်ပြန်ချက်ကို တုန့်ပြန်ရန် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်စ် ရှရစ်ဖ်သည် ကြာသပတေးနေ့(ဧပြီ ၂၄) နံနက်ပိုင်းတွင် နိုင်ငံတော်လုံးခြုံရေးကော်မတီအစည်းအဝေးကို ခေါ်ယူခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှတ်ဒါက X ပေါ်ပို့စ်တင် ပြောဆိုခဲ့သည်။
တိုက်ခိုက်မှုကို လူသိနည်းသော အဖွဲ့တစ်ခုဖြစ်သည့် တော်လှန်ရေးတပ်ဦး(TRF) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရှယ်မီဒီယာမက်ဆေ့ချ်တွင် ယင်းအဖွဲ့က ထုတ်ဖော်ဝန်ခံခဲ့သည်။ ဒေသတွင်း၌ ပြင်ပလူ (၈၅,၀၀၀) ကျော် အခြေချနေထိုင်နေသည်ကို မကျေနပ်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောဆိုပြီး “လူဦးရေ ပြောင်းလဲမှု” ဟု ဆိုသော ယခုတိုက်ခိုက်မှုဖြစ်ပေါ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။
တိုက်ခိုက်မှုအတွင်း ေ-သဆုံးခဲ့သူများတွင် အိန္ဒိယလူမျိုး ၂၅ ဦးနှင့် နီပေါနိုင်ငံသား တစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦးထက်မနည်းရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ပါဟယ်လ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံရေးသမားများသာမက ရုပ်ရှင်အနုပညာရှင်များကလည်း ဆိုရှယ်မီဒီယာပေါ်တွင် ထုတ်ဖော်ရှုတ်ချခဲ့ကြသည်ကိုတွေ့ရသည်။
“ပါဟယ်လ်ဂမ်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရတာ သိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဒီလိုအပြစ်မဲ့သူတွေကို သတ်ဖြတ်တာဟာ ဆိုးဝါးလွန်းပါတယ်၊ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းမေတ္တာပို့သပါတယ်” ဟု အက်ရှေးကူးမားက X ပေါ်တွင် ပြောဆိုခဲ့သည်။
ဗစ်ကီကူရှေးလ်ကလည်း “ပါဟယ်လ်ဂမ်မှာ လုံး၀ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ချစ်ရသူတွေ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေရဲ့ နာကျမှုကို တွေးကြည့်တောင်မရပါဘူး၊ အရမ်းပဲ ဝမ်းနည်းကြေကွဲပြီး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်၊ ဒီရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က တရားခံတွေကို တရားမျှတစွာ စီရင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု အင်စတာဂရမ်တွင် ပို့စ်တင်ပြောဆိုခဲ့သည်။
ထို့အတူ နာမည်ကျော်မင်းသမီး ကရီနာကပူးရ်ကလည်း “ေ-သဆုံးခဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရမ်းပဲ ကြေကွဲရပါတယ်၊ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်” ဟု သူ၏ အင်စတာဂရမ်စတိုရီတွင် တင်ခဲ့သည်။
ထို့အပြင် မိုဟန်လာ၊ အယ်လူအာဂျွန်၊ နာနီနှင့် အခြားနာမည်ကြီး အနုပညာရှင်များကလည်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရှုတ်ချမှုများ အသီးသီးလုပ်ခဲ့ကြသည်။
Ref: အယ်ဂျာဇီးယား၊ သည်အင်ဒီးယန်းအိပ်ချ်ပရက်စ်
