ထိုင်နေတဲ့သစ်ကိုင်းကို ပြန်ခုတ်မိတော့မှာလား

ထိုင်နေတဲ့သစ်ကိုင်းကို ပြန်ခုတ်မိတော့မှာလား
December 7, 2018 Asian Fame

12:51 pm
ထိုင်နေတဲ့သစ်ကိုင်းကို ပြန်ခုတ်မိတော့မှာလား

မြန်မာ-ထိုင်းနယ်စပ်အနီး ဟိုစဲ့မြို့ငယ်လေးရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းငယ်၏ တနင်္ဂနွေနေ့ အခါသမယ မှာ ယခင်တနင်္ဂနွေနေ့များထက် ပိုမိုစည်ကားလျက်ရှိနေသည်။

ဘုရားကျောင်းအမည်ကား “သန့်ရှင်းသောဝိညာဉ်တော် ဘုရားရှိခိုးကျောင်း” ဟူ၍ဖြစ်သည်။

ဧည့်ပရိသတ်များနှင့် ဘုရားကျောင်းအတွင်းရှိ ထိုင်ခုံများမှာ မလောက်ငှ။ ယင်းအတွက် အဆောက်အဦးအ၀င်တံခါးပေါက်ပတ်လည်၊ ဘုရားကျောင်း အတက်အဆင်းလှေခါးပတ်လည်တို့တွင် ပလက်စတစ်ကော်ခုံများချလျက် နေရာပေးထားရသေးသည်။

ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးနေကြစဉ်

ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးနေကြစဉ်

“သန့်ရှင်းသောဝိညာဉ်တော် ဘုရားရှိခိုးကျောင်း” ၏ ယနေ့အတွက် အခမ်းအနားအစီအစဉ်မှာ ဆုတောင်းပွဲ၊ စုပေါင်းလက်မှတ်ရေးထိုးတောင်းဆိုပွဲစသည်တို့ဖြစ်သည်။

ဖာသာ ရစ်ချက်သူရထွန်း မှာ စတိတ်စင်ပေါ်မှ လက်မှတ်ရေးထိုးတောင်းဆိုပွဲပြုလုပ်မည့်ကိစ္စများကို ဟောပြောလျက်ရှိပြီး ဧည့်ပရိသတ်များက ငြိမ်သတ်တိတ်ဆိတ်စွာနားထောင်နေကြ၏။
အခြားအကြောင်းအရာမဟုတ်။ ကယားပြည်နယ်ဝန်ကြီးချုပ် နှင့် ပြိုင်အငြင်းပွားနေရသည့် ကက်သလစ်သာသနာ့မြေနေရာ ကိစ္စအတွက်ပင် ဖြစ်သည်။
ယင်းမြေနေရာကို လက်ရှိတွင် ကယားပြည်နယ်ဝန်ကြီးချုပ်က စာရွက်စာတမ်းနှင့်တကွပိုင်ဆိုင်နေပြီဖြစ်သည့်အတွက် ပြန်လည်ရရှိရန် ဆုတောင်းပွဲပြုလုပ်ကာ လက်မှတ်ရေးထိုးတောင်းဆိုဖို့ရာပင်ဖြစ်သည်။
သာသနာ့နယ်မြေဆုံးရှုံးမှုနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် အာဏာအသုံးပြုအနိုင်ကျင့်ခံရသည်ဟု မှတ်ယူနေကြပြီး အဆိုပါစုပေါင်းလက်မှတ်ရေးထိုးထားသောစာရွက်စာတမ်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ရန် ရည်ရွယ်ထားကြလေသည်။

ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးနေကြစဉ်

ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးနေကြစဉ်

ကျောင်းထိုင်ဘုန်းတောင်ကြီး ဖာသာ ရစ်ချက်သူရထွန်း၏ ဟောပြောမှုအပြီး ဆုတောင်သံ ကျမ်းစာရွတ်သံများက ဘုရားကျောင်းပရ၀ုဏ်အတွင်းပျံ့နှံ့လာခဲ့သည်။ ယင်းနောက် သာသနာပိုင်မြေနေရာပြန်လည်ရရှိရေးဟူ၍ ကြွရောက်လာသူဧည့်ပရိသတ်အပေါင်းက စာရွက်များပေါ်တွင် လက်မှတ်ရေးထိုးကြသည်။ လက်မှတ်ထိုးတတ်သူကလက်မှတ်ထိုး၊ မထိုးတတ်သူက လက်ဗွေနှိပ်ခြင်းဖြင့် ဘုရားကျောင်းအတွင်း ဒီဇင်ဘာ ၂ ရက်နေ့သည် စည်ကားသိုက်မြိုက်လျက်။ ယင်းနေ့တွင် မယ်စဲ့ ဒေသခံ ၅၀၀ ကျော်မှာ ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့ကြလေသည်။

ဟိုစဲ့မြို့လေးမှာ ကယားပြည်နယ် ၊ မယ်စဲ့မြို့ နယ်အတွင်းတည်ရှိပြီး ယခုမှ မြို့သစ်မြို့ငယ်လေးတစ်ခုအဖြစ် ဒေသခံများက သတ်မှတ်ခေါ်ဝေါ်နေသော မြန်မာထိုင်းနယ်စပ်အနီး ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့်ရပ်ကွက်တစ်ခုသာသာ မြို့ပေါက်စလေးဖြစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က အငြင်းပွားမြေနေရာအတွင်း မီဒီယာများကို လိုက်လံရှင်းပြနေစဉ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က အငြင်းပွားမြေနေရာအတွင်း မီဒီယာများကို လိုက်လံရှင်းပြနေစဉ်

၎င်း မယ်စဲ့-ဟိုစဲ့ သွားကားလမ်း၏ ဘေးတစ်ဘက်တွင် ၁၄ဧကခန့်အကျယ်ရှိ တောင်ကုန်းတစ်ခုတည်ရှိနေပြီး ယင်းတောင်ကုန်းအစွန်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် သာသနာ့နယ်မြေ၏တာဝန်ရှိသူများအကြား သူပိုင်သည်/ကိုယ်ပိုင်သည် အငြင်းပွားနေသော ဧက၀က်ခန့်အကျယ်မြေနေရာတစ်ခုရှိသည်။ တောင်ကုန်းအတက်တွင် “ယေဇူးရွှေနလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်း” ဟုရေးသားထားသောဆိုင်းပုဒ်တစ်ခုကိုတွေ့ရ၏။ တောင်ကုန်းပေါ်တွင် ဘုရားရှိခိုးကျောင်း၊ ဘုန်းကြီးကျောင်း ၊အဆောင်နေကျောင်းသားများအတွက် တန်းလျားတစ်ခု၊ နှင့် ဂိုထောင် ၊ အဆောက်အဦးအနည်းငယ်တွေ့ရ၏။ တောင်ကုန်း၏အစွန်း(မယ်စဲ့-ဟိုစဲ့ကားလမ်း) ထောင့်နေရာတွင် ဆယ်ပေပတ်လည်အိမ် ၂ လုံးဘေးချင်းယှဉ်ရှိနေပြီး ယင်းအိမ် ၂ လုံးနှင့်တောင်ကုန်းအကြား ၄ပေအကျယ်ခန့်ရှိ ရေမြောင်းတစ်ခုတည်ရှိ၏။

ကက်သလစ်ဘုန်းကြီးကျောင်းတွင် ဖာသာရစ်ချက်သူရထွန်း ကျောင်းထိုင်ပြီး ဆယ်ပေပတ်လည် အိမ် ၂ လုံးကား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရိုနှင့် ၎င်းမိခင်ဖြစ်သူ ဒေါ်သိန်းတင်တို့ အပိုင်နေအိမ်များဖြစ်လေသည်။ လက်ရှိ အဆိုပါနေအိမ် ၂ လုံးအထဲမှ တစ်လုံးတွင် ၀န်ကြီးချုပ်၏အမေဖြစ်သူ ဒေါ်သိန်းတင်နေထိုင်လျက်ရှိ၏။ တောင်ကုန်းနှင့် ၀န်ကြီးချုပ်နေအိမ်အကြား ရေမြောင်း၏ ပတ်ချာလည် ဧက၀က်ခန့်မြေနေရာအတွက် ၂ ဘက်အငြင်းပွားနေခြင်းဖြစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က အငြင်းပွားမြေနေရာအတွင်း မီဒီယာများကို လိုက်လံရှင်းပြနေစဉ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က အငြင်းပွားမြေနေရာအတွင်း မီဒီယာများကို လိုက်လံရှင်းပြနေစဉ်

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တစ်ဦးက “မြေနေရာက တန်ဖိုးမရှိပါဘူးဗျာ။ ပြေပြေလည်လည်ဖြစ်စေချင်တယ်။ ၀န်ကြီးချုပ်ဖြစ်နေတာပဲဟာ။ ဒီကိစ္စလေးအတွက် ဒေသခံတွေနဲ့အငြင်းမပွားစေချင်ဘူး” ဟု ဆိုသည်။

လက်ရှိကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးအယ်ဖောင်းရှိုမှာ မယ်စဲ့မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာအနိုင်ရရှိခဲ့ပြီး ၀န်ကြီးချုပ်ဖြစ်လာသူဖြစ်သည်။ မယ်စဲ့မြို့နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလက မဲပေးခွင့်ရှိသူ ၃ ထောင်ကျော်ရှိခဲ့ပြီး တစ်ဝက်ကျော်မှာ ကက်သလစ်ဘာသာဝင်များဖြစ်ကြောင်း၊ အဆိုပါကက်သလစ်ဘာသာဝင်များ၏ ဆန္ဒမဲအပါအ၀င် အခြားလူထု၏ စုပေါင်းဆန္ဒမဲများဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ ယင်းအတွက် ဒေသခံများနှင့် အငြင်းပွားမှုကို ပြည်နယ်NLD ပါတီက လိုလားဟန်မရှိချေ။

ဖာသာရစ်ချက်သူရထွန်းက မူ “ကျွန်တော်တို့ ပထမငြိမ်းစုစီနဲ့အညီဆန္ဒထုတ်ဖော်ပွဲလုပ်ဖို့စဉ်းစားတယ်။ ဒါပေမဲ့ အရမ်းကြီးကျယ်သွားမှာစိုးတာနဲ့ ဆုတောင်းပွဲပဲလုပ်လိုက်တယ်” ဟုဆိုသည်။

လွိုင်ကော်ကက်သလစ်သာသနာ အကျိုးတော်ဆောင်တစ်ဦးက အေးအေးဆေးဆေးဖြေရှင်းပြီးစီးသွားရန် အတွက်လည်းကောင်း၊ အုတ်အော်သောင်းတင်းဖြစ်ပါက အခြားသော ၀င်ရောက်စွက်ဖက်သူများပါဝင်လာပြီး နိုင်ငံရေးအမြတ်ထုတ်မှုဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က အငြင်းပွားမြေနေရာအတွင်း မီဒီယာများကို လိုက်လံရှင်းပြနေစဉ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က အငြင်းပွားမြေနေရာအတွင်း မီဒီယာများကို လိုက်လံရှင်းပြနေစဉ်

အများအကျိုးအတွက်တစ်စုံတစ်ခုသော်လည်း ဘာသာရေးအတွက်တစ်စုံတစ်ခုသော်လည်းဆောင်ရွက်ရန်အတွက်ဆိုပါက ယခုမြေကို လက်လွတ်ပေးနိုင်သော်လည်း ယခုမူ ၀န်ကြီးချုပ်က ၎င်း၏အကျိုးစီးပွားပိုင်ဆိုင်မှုအတွက်ဆောင်ရွက်ခြင်းဖြစ်တာကြောင့် အလျော့မပေးလိုကြောင်း ဘုန်းတော်ကြီးများဘက်မှဆိုကြသည်။

ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ မိခင်ဖြစ်သူ ဒေါ်သိန်းတင်က မူ သာသနာ့မြေနေရာအမှန်တစ်ကယ်ဖြစ်တယ်ဆိုရင် ပြန်ပေးလိုက်မည်ဖြစ်ကြောင်းနှင့် ယခုပိုင်ဆိုင်ထားသောမြေနေရာတွင်စိုက်ပျိုးရေးလုပ်ရန်ဆန္ဒရှိကြောင်း ပြောသည်။

ဝန်ကြီးချုပ်၏ အမတော်စပ်သူ မဌေး ကမူ “ကျွန်မတို့က ပြေပြေလည်လည်နဲ့မြန်မြန်ပြီးစေချင်တယ်။ အဖေကလည်း ကက်သလစ်ဘာသာဝင်ဆိုတော့ အဖေ့အတွက် ရည်စူးပြီးစိတ်ထဲမှာ လှူတယ်သဘောထားလိုက်ဖို့။ ဒါကြောင့် သူ့ကိုလည်း(၀န်ကြီးချုပ်ကိုပြောခြင်းဖြစ်သည်) ဖာသာတို့ကတစ်ဆင့် ၀ိုင်းပြီး နားချပေးဖို့ ပြောပါတယ်” ဟု ဆိုသည်။

သို့သော်ယနေ့တိုင် အဆိုပါပြဿနာကို NLD ပါတီဗဟိုအပါအ၀င် အခြားမည်သည့်အဖွဲ့အစည်းကမှ ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ခြင်းမရှိသေးဘဲ လိပ်ခဲတည်းလဲ အနေအထားဖြင့်ဆက်လက်တည်ရှိနေလေသည်။

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကမူ ဦးအယ်လ်ဖောင်ရှိုသည် ဥပဒေကို လွန်ကျူး၍ လုပ်ဆောင်ထားခြင်းမဟုတ်ကြောင်းမီဒီယာထံသို့ဖြေကြားထား၏။

ဒေါက်တာမျိုးညွှန့်က “Church ကျောင်းရဲ့ နယ်နိမိတ်ကလည်း အရှ့မှာ ပေဘယ်လောက်၊ အနောက်ပေဘယ်လောက် အဲလိုစနစ်တကျလည်း မဟုတ်ဘူး။ ချောင်းလေးရှိတယ်၊ ဘာလေးရှိတယ် ဒီလိုပဲရှိတဲ့အခါကျတော့ ကျွန်တော်တို့ ဒီဟာကို ဆုံးဖြတ်ရခက်တယ်။ ကျွန်တော်တို့က ပြောတာက ပြည်နယ်က မြေတိုင်းနဲ့ဆိုရင် ကျောင်းတော်အနေနဲ့ သံသယရှိလိမ့်မယ်၊ ဗဟိုက မြေတိုင်းအဖွဲ့ကိုခေါ်ပြီး တိုင်းပါ။ Church က ပုဂ္ဂိုလ်တွေရှေ့မှာပဲ တိုင်းပြီးတော့ ပါတယ်ဆိုတာတွေ အကုန်လုံးယူပါ။ကျွန်တော်တို့ပြောထားပြီးပြီ” ဟုဆိုသည်။

ဘုန်းတော်ကြီး ရစ်ချက်သူရထွန်း ဆန္ဒပြုလက်မှတ်ရေးထိုးနေစဉ်

ဘုန်းတော်ကြီး ရစ်ချက်သူရထွန်း ဆန္ဒပြုလက်မှတ်ရေးထိုးနေစဉ်

လှူဒါန်ုးပါဟုဆိုလျှင်လည်း လှူဒါန်းမည်ဟု ၎င်းတို့က ဆိုထားပြန်သေးသည်။ သို့သော် လှူဒါန်းမည်ဟူသောစကားလုံးကို ဘုရားကျောင်းဘက်ကလက်မခံ၊ သာသနာ့မြေဖြစ်သည့်အတွက်ပြန်ပေးသည်ကိုသာ လိုချင်ကြောင်းဆိုလေသည်။ နှစ်ဦး နှစ်ဘက် အကြား “လှူဒါန်းသည်ဟူသောစကားရပ်နှင့်ပြန်ပေးသည်”ဟူသောစကားရပ် အကြား ပြိုင်ဆိုင်နေကြဟန်ရှိသည်။

နှစ်ဦး နှစ်ဘက် မည်သည့်ဘက်ကမှန်သည်/မှားသည်ထက် လက်ရှိတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဒေသခံများအကြားအငြင်းပွားမှု ပြင်းထန်နေသည်ကတော့အမှန်တစ်ကယ်ပင်ဖြစ်တော့သည်။

အငြင်းပွားမြေနေရာနှင့်ပတ်သက်၍ မယ်စဲ့ မြေစာရင်းဌာန၊ ထွေအုပ်တာဝန်ရှိသူများက မီဒီယာထံဖြေကြားဖို့ရာ ငြင်းဆိုခဲ့ကြသဖြင့် မေးမြန်းရန်အခွင့်မသာခဲ့ပေ။

မယ်စဲ့ကက်သလစ်ဘာသာဝင်များနှင့် ဖာသာတို့ဘက်မှ ထောက်ခံသူများကမူ ကယားပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆန္ဒလက်မှတ်များကောက်ခံပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပေးပို့တိုင်တန်းကာ သာသနာ့မြေနေရာပြန်ရရေးဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်ချထားပြီး ဆက်လက်အကောင်အထည်ဖော်ဖို့ ကြံဆောင်နေကြလျက်ရှိသည်။

ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးနေကြစဉ်

ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးနေကြစဉ်

ပြီးခဲသည့် ၂၀၁၅ ရွေးကောက်ပွဲအပြီးကာလကို ပြန်ကြည့်ပါက လက်ရှိကယားပြည်နယ်တစ်ပြည်နယ်စလုံးရှိ မဲဆန္ဒနယ်များတွင် အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၃ နေရာ မှ လွှဲ၍ ကျန်လွှတ်တော်အသီးသီးရှိ ထိုင်ခုံအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရကြီးစိုးထားလေသည်။ ယင်းအနိုင်ရမှုနှင့်အတူ ကယားပြည်နယ်လွှတ်တော်ကိုလည်းစိုးမိုးနိုင်ခဲ့သည်။

ကယားတစ်ပြည်နယ်လုံးတွင် လူဦးရေ ၂ သိန်းပတ်ဝန်းကျင်ရှိပြီး ယင်းအထဲတွင် ၈ သောင်းကျော်မှာ ကက်သလစ်ဘာသာဝင်များဖြစ်သည်။ ယင်းအတွက် မဲဆန္ဒ ၈ သောင်းကျော်မှာ ပြီးခဲ့သည့်ရွေးကောက်ပွဲကလာတုန်းက အရေးပါအရာရောက်ခဲ့သလို လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အရေးပါအရာရောက်နေဦးမည်ဖြစ်သည်။ ယခင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထု ထားရှိမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှာ ပြည်နယ်လူထုနှင့်အငြင်းပွားမှု ဖြစ်ပွားခဲ့သေးသည်။

ယင်းကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ်သည် ယခုကိစ္စတွင်လည်း မိမိထိုင်နေသည့် သစ်ကိုင်းကို မိမိပြန်ခုတ်မိတာမျိုးမဖြစ်စေရန် သတိထားသင့်ကြောင်း လွိုင်ကော်အခြေစိုက်အရပ်ဘက်အဖွဲ့တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုလေသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*