ငွေကြေးကောက်ခံမှုနဲ့နာမည်ကြီးနေတဲ့ မိုးကောင်းမြို့နယ် ၈ မိုင်လမ်းဆုံပူးပေါင်းဂိတ် ဖျက်သိမ်း

ငွေကြေးကောက်ခံမှုနဲ့နာမည်ကြီးနေတဲ့ မိုးကောင်းမြို့နယ် ၈ မိုင်လမ်းဆုံပူးပေါင်းဂိတ် ဖျက်သိမ်း
October 22, 2018 Asian Fame

1:14 pm
ငွေကြေးကောက်ခံမှုနဲ့နာမည်ကြီးနေတဲ့ မိုးကောင်းမြို့နယ် ၈ မိုင်လမ်းဆုံပူးပေါင်းဂိတ် ဖျက်သိမ်း
မရန်ကထောင်ဂိတ်ကိုတွေ့ရစဉ်

မရန်ကထောင်ဂိတ်ကိုတွေ့ရစဉ်

မိုးကောင်း၊ အောက်တိုဘာ ၂၂

ငွေကြေးကောက်ခံမှုတွေကြောင့် မော်တော်ယာဉ်မောင်းတွေနဲ့ ဂိတ်တာဝန်ရှိသူတွေအကြား အငြင်းပွားမှုမကြာခဏဖြစ်ပွားခဲ့ရတဲ့ မိုးကောင်းမြို့နယ် ၈ မိုင်လမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းလိုက်ပြီး မရန်ကထောင်ကျေးရွာကိုရွှေ့လိုက်ပြီလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက်က စတင်ဖျက်သိမ်းလိုက်တာဖြစ်ပြီး မူလက မရန်ကထောင်မှာရှိနေတဲ့ တပ်မတော်လုံခြုံရေးဂိတ်နေရာဆီကိုရွှေ့လိုက်တာဖြစ်ဖြစ်ကြောင်း၊ ၈ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့ လမ်းအသုံးပြုခကောက်ခံခြင်းကိုလည်း ကားမိုင်းဘက်ကိုရွှေ့လိုက်ပြီဖြစ်ကြောင်း၊ မရန်ကထောင်ဂိတ်ဟာလည်း ငွေကြေးကောက်ခံတဲ့ဂိတ်မဟုတ်တော့ဘဲ လုံခြုံရေးဂိတ်အဖြစ်သာသီးသန့်တည်ရှိတော့မှာဖြစ်ကြောင်းမိုးကောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ကပြောပါတယ်။

“အရင်ကတော့ ၈ မိုင်စုပေါင်း ဂိတ်လို့ခေါ်ကြတယ်။ အဲ့ဂိတ်စထိုင်တုန်းကတည်းက လုံခြုံရေးအကြောင်းပြငွေကောက်ခံတာတွေ ရှိလို့ ကျွန်တော်တို့က ဖျက်သိမ်းပေးဖို့ ပြောခဲ့ဖူးတယ်။ အခု လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကပဲ ၈ မိုင်စုပေါင်းဂိတ်ကို ဖျက်လိုက်ပြီ။ မရန်ကထောင်မှာ မူလက လုံခြုံရေးတပ်ဂိတ်ရှိတယ်လေ။ လ၀က နဲ့ ရဲက အဲဒီကိုသွားပေါင်း လိုက်တာပါ။ အရင်ကတော့ ၈ မိုင်ဂိတ်မှာ လမ်းအသုံးပြုခ၊ လုံခြုံရေးခ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်တဲ့အခ တွေ ကောက်တယ်။ အခုတော့ ဘာမှ မကောက်တော့ပါဘူး” လို့ သူကပြောပါတယ်။

၈ မိုင်လမ်းဆုံဂိတ်ကို ပိတ်သိမ်းပြီး မရန်ကထောင်ကိုရွှေ့လိုက်တဲ့အတွက် မိုးကောင်းမြို့နယ်အတွင်းမှာ ငွေကြေးကောက်ခံတဲ့ ဂိတ်တစ်ခုမှမရှိတော့ဘူးလို့လည်း ဦးဝင်းနိုင် ကထပ်လောင်းဆိုပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ မိုးကောင်းတံတားအ၀င်၊ ကျွန်းတောတံတားနေရာ နဲ့ ၈ မိုင်စုပေါင်း ဂိတ်တို့မှာ ယခင်က ငွေကြေးကောက်ခံမှုတွေရှိခဲ့ပေမယ့်တဖြည်းဖြည်းဖျက်သိမ်းခဲ့ရာ အခုတော့ ငွေကြေးကောက်ခံတဲ့ ဂိတ်တစ်ခုမှ မရှိတော့လည်းဖြစ်ပါတယ်။

မိုးကောင်း- တနိုင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက “၈ မိုင်လမ်းဆုံဂိတ်မှာ ပိုက်ဆံမပေးရဖူးတဲ့ ကားသမားတစ်ယောက်မှမရှိဘူး။ နည်းလမ်းပေါင်းစုံအကြောင်းပေါင်းစုံနဲ့ပေးနေရတာပဲ။ အခု မရန်ကထောင်ကိုရွှေ့လိုက်ပြီဆိုပေမယ့် မရန်ကထောင်ဂိတ်ကလည်း မကောက်ဦးမှ” လို့ မှတ်ချက်ပြုပါတယ်။

အခု ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ၈မိုင်စုပေါင်း ဂိတ်ဟာ ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ၈ မိုင်လမ်းဆုံကျေးရွာမှာ တည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ၆ လပိုင်းကတည်းက စတင်အထိုင်ချခဲ့တဲ့ ထွေအုပ်၊ ရဲတပ်ဖွဲ့၊ လ၀က ၊ သစ်တော၊ စစစ၊ SB၊ ယာဉ်ထိန်း၊ မီးသတ် တို့ပါဝင်တဲ့ စုပေါင်း ဂိတ်လည်းဖြစ်ပါတယ်။

ယခင် ၂၀၁၇ ခုနှစ် အတွင်းကလည်း အဆိုပါ ၈ မိုင်စုပေါင်း ဂိတ်မှာ ငွေကြေးကောက်ခံမှုတွေနဲ့ အကျင့်ပျက်ဝန်ထမ်းကိစ္စတွေ ရှိနေတာကြောင့် တားမြစ်ပေးဖို့ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ စာပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒီအပေါ် ပြည်နယ်လုံနယ်ဝန်ကြီးဘက်က အဆိုပါ ၈ မိုင်စုပေါင်း ဂိတ်ဟာ လုံခြုံရေးတရားဥပဒေစိုးမိုးရေအရ လိုအပ်လို့ဖွင့်လှစ်ထားခြင်းဖြစ်တာကြောင့် တာဝန်ကျဝန်ထမ်းတွေအနေနဲ့ ငွေကြေးကောက်ခံမှုမရှိစေရေး ကြပ်မတ်အရေးယူသွားမယ့်အကြောင်း ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီကနေ့မှာတော့ အဆိုပါ ၈ မိုင်လမ်းဆုံ ဂိတ်ဟာဖျက်သိမ်းသွားပြီဖြစ်ပြီး မရန်ကထောင်ကျေးရွာမှာသာ ဂိတ်ရှိတော့မှာဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*