ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ် ပယ်ဖျက်

ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ် ပယ်ဖျက်
October 19, 2018 Asian Fame

12:19 pm
ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ် ပယ်ဖျက်

ပဲခူး၊ အောက်တိုဘာ ၁၉

စက်မှုသီးနှံအဖြစ် ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးဖို့ ရည်ရွယ်ချက်ပါရှိတဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၁၉ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) ဟာ လွှတ်တော်မှာဝေဖန်ဆွေးနွေးခံရပြီးနောက် အဆိုပါ အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းခဲ့ပြီးဖြစ်တဲ့ ၂၀၁၈-၁၉ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) နဲ့စပ်လျဉ်းပြီး ဒေသန္တရစီမံကိန်းဥပဒေ ကဏ္ဍအလိုက်မူဝါဒရည်မှန်းချက် လုပ်ငန်းစဉ်များနဲ့ကဏ္ဍအလိုက်ရည်မှန်းချက်များ ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးဘတ်ဂျက်နဲ့ ရင်းနှီးမြုပ်နှံမှုလျာထားချက်(မူကြမ်း) တို့ကိုဆွေးနွေးရာမှာ ဇယား (၅) သီးနှံ (၅) အခြားစက်မှု သီးနှံ ၄ မျိုးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ဝေဖန်ဆွေးနွေးခဲ့ပါတယ်။

ယင်းနောက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်ကပြန်လည်ရှင်းလင်းပြီး အခုလို ပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ကြောင်း၊ ကြက်ဆူကိစ္စပယ်ဖျက်လိုက်နိုင်ပေမယ့် တစ်ချို့ကိစ္စတွေမှာတော့ ဆွေးနွေးမှုတွေအရာမရောက်ခဲ့ဘူးလို့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

“ကြက်ဆူကိစ္စကတော့ ပယ်ဖျက်လိုက်နိုင်တယ်။ တိုင်းအစိုးရဘက်က ကြက်ဆူကိစ္စကို ပယ်ဖျက်ပေးမယ်လို့ ပြောတယ်။ ဥပဒေကြမ်းတစ်ခုလုံးကိုခြုံပြီးကြည့်ရင်တော့ စကားလုံးအသုံးအနှုန်းတွေ ပြင်လို့ရခဲ့တယ်။ ဒါပေမဲ့ လမ်းကိစ္စတွေ၊ ၀န်ထမ်းအိမ်ယာကိစ္စတွေ ငွေရေးကြေးရေးကိစ္စတွေမှာ အဆင်မပြေခဲ့ဘူး” လို့ ၎င်းကဆိုပါတယ်။

အဆိုပါ ဥပဒေမူကြမ်းထဲမှာ စက်မှုသီးနှံ ၄မျိုး ဆိုတဲ့စာရင်းထဲ ခြံစည်းရိုးကြက်ဆူကိုထည့်သွင်းထားပြီး လက်ရှိမှာ ခြံစည်းရိုးကြက်ဆူ ဧက ၈၆၉ ရှိကြောင်း၊ လာမယ့် ၂၀၁၈-၁၉ မှာ ခြံစည်းရိုးကြက်ဆူ ဧက ၂၀၉၀ အထိတိုးချဲ့စိုက်ပျိုးမှာဖြစ်ကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၈-၁၉ မှာ ခြံစည်းရိုးကြက်ဆူ ဧက ၁၂၂၁ ဧက စိုက်ပျိုးသွားမယ့် ရည်မှန်းထားချက်ဟာ လွန်စွာမှားယွင်းနေကြောင်း ပေါင်းတည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။

ဆွေးနွေးမှုတွေအထဲမှာ အခြားသောအကြောင်းအရာ ဝေဖန်ထောက်ပြမှုတွေရှိခဲ့ပေမယ့်ပြင်ဆင်ဆောင်ရွက်ခွင့်လိုသလောက်မဖြစ်ခဲ့ခြင်းဟာ တိုင်းအစိုးရဘက်က ဥပဒေကြမ်းတင်ပြီးပေးတဲ့အချိန်နည်းပါးတာကြောင့်လည်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ကပြောပါတယ်။

“အချိန်မလောက်ဘူးလေ။ ကျွန်တော်တို့က စက်ရုပ်မှမဟုတ်တာ။ ဥပဒေကြမ်း ၂ ခုကို တစ်နေ့တည်းတင်၊ တစ်နေ့တည်းဆွေးနွေး၊ တစ်နေ့တည်းအတည်ပြု။ အချိန်ကအရမ်းကပ်နေတော့ အဆင်မပြေဘူး ။ ပြီးတော့ ပြည်ထောင်စုဆီပြန်ပေးရမှာဆိုပြီး ပြောတော့ ကိုယ်စားလှယ်တွေကလည်း သိပ်မကန့်ကွက်တော့ဘူး” လို့ ၎င်းကဆိုပါတယ်။

တစ်ကယ်တော့ ဥပဒေကြမ်းအတွက် တစ်လကြိုတင်ရတာဖြစ်ကြောင်း သူကပဲ ထပ်လောင်းဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အဆိုပါ ဥပဒေမူကြမ်း ၂ ခုကိုတော့ အောက်တိုဘာ ၁၇ ရက်နေ့က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*