ဆော့လော်မှာပုံထားတဲ့ တန် ၁၃၀၀ ကျော် သစ်ပုံကြီးကိစ္စ အခုထိပြဿနာမပြီးသေး

ဆော့လော်မှာပုံထားတဲ့ တန် ၁၃၀၀ ကျော် သစ်ပုံကြီးကိစ္စ အခုထိပြဿနာမပြီးသေး
October 12, 2018 Asian Fame

5:08 pm
ဆော့လော်မှာပုံထားတဲ့ တန် ၁၃၀၀ ကျော် သစ်ပုံကြီးကိစ္စ အခုထိပြဿနာမပြီးသေး
001

သစ်ပုံမှသစ်များကိုသယ်ဆောင်နေကြောင်း သက်သေအနေဖြင့်ဒေသခံများရိုက်ကူးထားသောပုံဟု ဆာ့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေး က ပြောသည်။(Photo – ဦးလာမာလေး)

ဆော့လော်၊ အောက်တိုဘာ ၁၂

တရုတ်သစ်ခိုးအဖွဲ့တွေက လာလာခိုးနေလို့ ပြဿနာတွေဖြစ်ပွားခဲ့ဖူုးတဲ့ ဆော့လော်က တန် ၁၃၀၀ ကျော် သစ်ပုံကြီးဟာ အခုထိလည်း ပြဿနာမပြီးသေးဘူးလို့ သိရပါတယ်။

အဆိုပါသစ်ပုံကြီးကို သစ်တောဦးစီးဌာနကနေ ဒေသဖွံ့ဖြိုးရေးအတွက်အသုံးပြုချင်လို့ဆိုပြီးလျှောက်ထားလာကြတဲ့ ပန်ဝါပြည်သူ့စစ်အဖွဲ့၊ ပူတာအိုနဂါးကုမ္ပဏီ၊ ဒေသလွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ကို သတ်မှတ်တန်ချိန်တွေအတိုင်း ခွဲဝေရောင်းချပေးခဲ့ပြီးနောက်ပိုင်းမှာ သစ်တွေသယ်ဆောင်မှုနဲ့ပတ်သက်လို့ ထပ်မံပြဿနာဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

အဆိုပါ သစ် တန် ၁၃၀၀ ကျော် အပုံကြီးကို သစ်တောဦးစီးဌာနဘက်က ၎င်းတို့ထံ ကိုရောင်းချလိုက်ပြီးပေမယ့် သယ်ဆောင်ခွင့်တွေကိုတော့ မပေးသေးဘူးလို့ ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှူး ဦးခင်မောင်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

ဒါပေမဲ့ အခုလက်ရှိမှာ ပြည်သူ့စစ်ဘက်က သူတို့ခွဲတန်းရထားတဲ့ သစ်တွေကို သယ်ဆောင်မှုတွေရှိနေပြီး သယ်ဆောင်ရာမှာလည်း အခြားသူခွဲတန်းရထားတဲ့ အပုံထဲကသစ်တွေကိုပါ သယ်ဆောင်မှုမျိုးရှိနေပြန်တယ်လို့ဒေသခံတွေဆီက သတင်းရကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေး က ပြောပါတယ်။

ဆော့လော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးကတော့ အဆိုပါသစ်တန် ၁၃၀၀ ဟာအပုံလိုက်တွေဖြစ်ပေမယ့် ဘယ်သူ့အပုံဖြစ်တယ်ဆိုတာတွေကို ကိုယ်စီအမှတ်အသားတွေပြုလုပ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါသစ်တွေကို အမှတ်အသားဖျောက်ပြီးသယ်ဆောင်သွားမှုတွေရှိတယ်လို့လည်း ဒေသခံတွေပြန်ပြောချက်အရသိရကြောင်း ပြောပါတယ်။

“သစ်တောဦးစီးဌာနကလည်း ကျွန်တော်တို့ကသစ်ကိုဝယ်လိုက်ပြီဖြစ်တဲ့အတွက် သစ်တွေပျောက်တာဘာညာဆို ကျွန်တော်တို့မှာပဲတာဝန်ရှိတော့တယ် ဌာနမှာမရှိတော့ဘူးဆိုပြီးစာထွက်လာတယ်။ စာထွက်ပြီးနောက်ပိုင်း မနေ့ကသတင်းရတာက ပန်ဝါပြည်သူ့စစ်အဖွဲ့က ကားနဲ့သယ်နေတာတွေရှိတယ်ပြောတယ်။ ကျွန်တော့ဆီတော့သယ်နေတဲ့ပုံတစ်ပုံပဲရောက်သေးတယ်။ နောက်ထပ်ပုံတွေရိုက်ခိုင်းထားတယ်။ ဒီကိစ္စ ကျွန်တော် သစ်တောဦးစီးမှူးကိုတော့ လှမ်းပြောထားတယ်။ စိတ်မကောင်းဘူးဗျာ” လို့ ၎င်းကဆိုပါတယ်။

ဦးလာမာလေးပြောတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်နယ်သစ်တောဦးစီးမှူးကိုမေးရာမှာတော့ ၀ိုင်းမော်သစ်တောဦးစီးကို အဆိုပါနေရာလွှတ်ပြီးစီစစ်ခိုင်းနေကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါ သစ်တန် ၁၃၀၀ကျော်အပုံကြီးကို သစ်တောဦးစီးဌာနဘက်က ပူတာအိုနဂါးကုမ္ပဏီ၊ ပြည်သူ့စစ်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ကို ခွဲဝေရောင်းချခြဲ့ပီးဖြစ်ပေမယ့်သစ်တွေကိုသယ်ဆောင်ခွင့်ရရှိမျှောစာ၊ သစ်တွေခွဲဖို့အတွက် ခွင့်ပြုမိန့်ရဖို့ တွေ ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။

ဒီကနေ့အထိတော့ သစ်တွေသယ်ဆောင်ခွင့် ရရှိဖို့နဲ့ပတ်သက်ပြီး ပူတာအိုနဂါးကုမ္ပဏီ ၊ ဆော့လော်လွှတ်တော်ကိုယ်စားလှယ် ၂ဦးတို့ကသာလျှောက်ထားမှုရှိသေးပြီး ပန်ဝါပြည်သူ့စစ်ကတော့ လျှောက်ထားခြင်းမရှိသေးဘူးလို့ ကချင်ပြည်နယ်သစ်တောဦးစီးဌာနကနေသိရပါတယ်။

လျှောက်ထားမှုတွေအတွက် စီစစ်နေကြောင်းကိုလည်း သစ်တောဦးစီးမှူးက ပြောပါတယ်။

ဆော့လော်မှာရှိတဲ့အဆိုပါသစ်ပုံကြီးဟာ သစ်တန် စုစုပေါင်း ၁၃၄၅ တန်ခန့်ရှိပြီး သစ်တောဦးစီးဌာနက ဖမ်းဆီးရမိထားတဲ့သစ်ပုံကြီးလည်းဖြစ်ပါတယ်။ အဆိုပါသစ်တွေကို ပြီးခဲ့တဲ့ မေလတုန်းက တရုတ်သစ်ကား အစီး ၄၀ကျော်လောက်လာရောက်ခိုးသယ်နေခဲ့ကြလို့ ပထမအကြိမ်အနေနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။

အဲဒီအချိန်တုန်းကလည်း အခုလိုပဲ ဒေသခံတွေကတစ်ဆင့်လွှတ်တော်ကိုယ်စားလှယ်တွေသိရှိကုန်ကြပြီး နိုင်ငံတော်အဆင့်ထိ စာပေးပို့တင်ပြမှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းက အဆိုပါသစ်တွေကို ဒေသဖွံ့ဖြိုးရေးအတွက်အသုံးပြုချင်တယ်ဆိုပြီးလျှောက်ထားကြသူတွေရှိလာတာကြောင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့ သစ်တောဦးစီးဌာနက ပြန်လည်ရောင်းချပေးခဲ့တာလည်းဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*