ညောင်ဦးကန္တာရအတွင်းမှ အိုအေစစ်များ

ညောင်ဦးကန္တာရအတွင်းမှ အိုအေစစ်များ
October 5, 2018 Asian Fame

4:20 pm
ညောင်ဦးကန္တာရအတွင်းမှ အိုအေစစ်များ

အရပ်လေးမျက်နှာဘယ်နေရာကြည့်ကြည့် ကွတ်တိကွက်ကျားပေါက်ရောက်နေသည့် ရှား၊ ထနောင်း၊ ယူကလစ်၊ ထန်း စသည့်အပင်တို့က အပူပိုင်းဒေသ၏အညာသရုပ်ကိုပေါ်လွင်စေလှသည်။ ခြစ်ခြစ်တောက်ပူနေသည့် နေအပူကြောင့် အညိုရောင်ဖျော့တော့တော့ မြေသားမှာ အဝေးမှလှမ်းကြည့်လျှင် တံလျှပ်လှိုင်းထလျက်ရှိ၏။မြင်ကွင်းအ၀၀က ပူလောင်အိုက်စပ်နေစေသော်လည်း ၎င်းကိုဖြေသိမ့်ရန် ရေကန်၊ ချောင်း၊ မြောင်း ဟူသည်ကား မရှိသလောက်ရှားလှ၏။ ရှိနေသည့် အပင်များမှာလည်း အပူပိုင်းဇုန်ပေါက်ပင်များဖြစ်သည်နှင့်အညီ အရိပ်ပင်ခိုနိုင်ခြင်းမရှိ။ အဆိုပါဒေသအတွင်းနေထိုင်နေရသည့် “သပွတ်စုကျေးရွာ” ရွာသူ/သားများမှာမူ ရာသီဥတုကောင်းနှင့် မိုးရေချိန်သင့်တင့်မျှတစွာရရှိဖို့ မျှော်လင့်နေကြလျက်ရှိသည်။

“ကျွန်တော်တို့ ရာသီဥတု မမှန်တာ ၁၅ နှစ်လောက်ရှိပြီဗျ” ဟု သပွတ်စုရွာသား ကိုအောင်ကိုဝင်း ကဆိုသည်။ ရာသီဥတုမမှန်ကန်မှုနှင့် မိုးရေရှားပါးမှုကြောင့် သီနှံစိုက်ပျိုးနိုင်မှုနည်းပါးပြီး စိုက်ပျိုးသမျှမှာလည်း အထွက်လျော့ကျလျက်ရှိသည်ဟု ဆိုသည်။ အပူပိုင်းဒေသဖြစ်တာနှင့်အညီမိုးနည်းမှု၊ ရွာရင်လည်းအချိန်မခါမဟုတ်ရွာတက်သည့် မိုးများရှိခြင်းကြောင့်လည်း မကြာခင်ဖော်ရတော့မည့် မြေပဲခင်းအတွက် စိုးရိမ်နေကြောင်း ၎င်းကဆိုသည်။ “တစ်ခြားဒေသမှာ တစ်ဧကကို သူများတွေ တင်း ၆၀ လောက်ထွက်ကြတယ်။ ကျွန်တော်တို့ကတော့ တင်း ၄၀ မပြည့်ဘူး။ အခုမြေပဲဥချချိန်တစ်ချိန်လုံးမိုးမရွာခဲ့ဘူး။ အခု မြေပဲဖော်ချိန်ကြမှရွာတယ်။ ဖော်ပြီးလို့ ရေထိရင်လည်း ပုတ်ကုန်တယ်” ဟု ၎င်းကဆိုသည်။ ရာသီဥတုဖောက်ပြန်မှုများကြောင့် အပူချိန်မြင့်မားလာမှု ၊ အချိန်အခါမဟုတ်မိုးရွာသွန်းမှု၊ မိုးရေချိန်နည်းပါးလားမှုများကို ကိုအောင်ကိုဝင်းတို့ရွာသူ/သားတွေ ကျောကော့အောင်ခံခဲ့ရသည်မှာ ၁၀စုနှစ်တစ်ခုကျော်ခဲ့ပြီလည်းဖြစ်သည်။

၎င်းတို့ဒေသအတွင်း သစ်ပင်သစ်တောပြုန်းတီးခဲ့မှုက ယခုကဲ့သို့ရာသီဥတုဖောက်ပြန်မှုကို ကျောကော့အောင်ခံနေစေရသည့်အကြောင်းအရင်းဖြစ်သည်ကိုကား ကိုအောင်ကိုဝင်း တို့ ရွာသူ/သားများ နားလည်သဘောပေါက်ကြသည်။ ယင်းကြောင့်ပင် ကျေးရွာပတ်ဝန်းကျင်ရှိ မြေဧက ၅၀၀ ပေါ်တွင် အပင်ပေါင်း တစ်သိန်းနီးပါးကို ၎င်းတို့်ရွာသူ/သားများက စိုက်ပျိုးလိုက်ကြသည်။ အဆိုပါသစ်ပင်များတစ်နေ့ ကြီးပြင်းအရွယ်ရောက်လာခဲ့လျှင်သစ်ပင်သစ်တောကြောင့် ဥတုရာသီကောင်းခံစားရမည်ကို မျှော်လင့်နေကြခြင်းဖြစ်သည်။

“တစ်နေ့ ဒီအပင်တွေကြီးလာရင် ဒီအပင်တွေက ရလာတဲ့အကျိုးကျေးဇူးကိုလည်းခံစားချင်ပါတယ်။ ကျွန်မတို့ဒေသကမိုးခေါင်တယ်။ ဒါကြောင့်မိုးရေရဖို့ ပေါ့နော်” ဟု သပွတ်စုရွာသူ မစုစုမော်က ဆိုသည်။ မစုစုမော်တို့ သပွတ်စုရွာမှာ မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်-ညောင်ဦးကားလမ်းမကြီး၏အနောက်ဘက် ၆ မိုင်ခန့်အကွာတွင်တည်ရှိသည့် အညာဒေသကျေးရွာတစ်ခုဖြစ်သည်။ ကားလမ်းမ၏အနောက်ခြမ်းသို့ မြေနီလမ်းအတိုင်းဆင်းသွားခဲ့ပါလျှင် ပြည်-ပုဂံ ရထားလမ်းကျော်ပါက မစုစုမော်တို့ ရွာသို့ရောက်မည်ဖြစ်သည်။ ရွာနားရောက်သည်နှင့် လမ်းတစ်ဘက်တစ်ချက်ရှိ မြေလွတ်မြေရိုင်းများပေါ်တွင် တစ်ပေခန့်အမြင့်ရှိ အပင်ပေါက်ငယ်များကို ၄ပေအကွာလောက်တွင် တစ်ကျင်းတစ်ပင်နှုန်းဖြင့် တွေ့ရမည်ဖြစ်သည်။ လျှော်ဖြူ၊ သနပ်ခါး၊ ကုက္ကိုလ်၊ တမာ၊ မဲဇလီ၊ ယင်းမာ၊ ဒဟတ်၊ ဇီး၊ ထနောင်း၊ ယူကလစ် စသဖြင့် အပင်ပေါက်ငယ်များကို မျက်စိတစ်ဆုံးအစီအရီစိုက်ပျိုးထားကြသည်။

အိမ်ခြေ ၁၁၃ အိမ်နဲ့ လူဦးရေ ၅၃၆ ဦးနေထိုင်နေသည့် သပွတ်စုရွာမှ တောင်သူ ၂၆ ဦးပိုင်ဆိုင်သည့် ယာမြေဧကပေါင်း ၅၀၀ ကိုစုပေါင်းကာ အပင်ပေါင်း ၉၆၅၀၀ ကို စိုက်ပျိုးထားခြင်းဖြစ်သည်။ ၎င်းဧက ၅၀၀ ကို မကြာခင်တွင် အစုအဖွဲ့ပိုင်သစ်တော(Community Forest) အဖြစ်သတ်မှတ်ပေးဖို့ရာလျှောက်ထားတော့မည်ဖြစ်သည်။ စိုက်ခင်းအတွက် အပင်ပေါက်တို့ကို UNDP နှင့် စိမ်းစိုတို့က ထောက်ပံ့ပေးပြီး သစ်တောဦးစီးဌာန ကလည်းကူညီကာ ဒေသခံကျေးရွာသားတွေကိုယ်ထူကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်ခြင်းစနစ်ဖြင့် ပျိုးထောင်ထားသည်။

ယင်းဧက ၅၀၀ စိုက်ခင်းကြီးမှာ အကူအညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းများအတွက် “အပူပိုင်းဒေသရာသီဥတုပြောင်းလဲခြင်းကြောင့်ရေအရင်းအမြစ်နှင့်စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအားဖြေရှုင်းရေးစီမံကိန်း”ဖြစ်ပြီး ၊ ကိုအောင်ကိုဝင်း ၊ မစုစုမော် တို့ ဒေသခံရွာသားများအတွက်မူ ဒေသအတွင်း ရာသီဥတုမှန်မှန်ကန်ကန် မိုးချိန်တန်မိုးနွေချိန်တန်နွေ ဆောင်းချိန်တန်ဆောင်း မိုးရေချိန်မှန်ကန်စွာရရှိဖို့ အစာရေစာပေါများဖို့ မျှော်လင့်ချက်ဖြစ်သည်။

“ရာသီဥတုမှန်ကန်လာရင် ကျွန်တော်တို့ ရေရှားပါးတာ၊ အပူချိန်သက်သာတာ၊ သီးပင်စားပင်တွေဖြစ်ထွန်းတာ ဒါတွေရလာမယ်လို့ ယုံကြည်တယ်လေ။ ဒါကြောင့် ဒီသစ်ပင်တွေရဲ့ တန်ဖိုးကိုသိလာတဲ့အတွက် ရွာသားတွေက ဒါကို လုပ်ဆောင်ခဲ့ကြတာပါ” ဟု ကိုအောင်ကိုဝင်း ဆိုသည်။ အဆိုပါဧက ၅၀၀ စိုက်ခင်းတွင် ကိုအောင်ကိုဝင်းပိုင်ဆိုင်သည့် မြေမှာ ၁ ဧက ကျော်ရှိပြီး သူကိုယ်တိုင်မှာလည်း အဆိုပါစိုက်ခင်းများအတွက်ဖွဲ့စည်းထားသည့် စာရင်းကိုင်ကော်မတီတွင်လည်းတာဝန်ယူထားသည်။
ဧက ၅၀၀ စိုက်ခင်းကို တောမီးဒဏ်၊ တိရိစ္ဆာန်တွေရဲ့စားကျက်ဒဏ်များက လွတ်ကင်းဖို့ရာတော့ ကိုအောင်ကိုဝင်းတို့ရွာသားများ ကာကွယ်နေကြရသည်။

ယနေ့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းတွင် အစုအဖွဲ့ပိုင်သစ်တော (CF) ၇၂၂ ဧက ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနကရရှိထားသည့်အချက်အလက်များအရသိရ၏။ ၎င်းအစုအဖွဲ့ပိုင်သစ်တောများအတွက်မူ လိုအပ်သည့်အထောက်အပံ့များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထောက်ပံ့ပေးနေကြ၏။

ညောင်ဦးမြို့နယ်အတွင်းကပဲ မြေသင်းတွင်းဟုခေါ်သည့် ကျေးရွာတွင်လည်း ဒေသခံကျေးရွာသားများစုပေါင်း၍ ဧက ၅၀ ခန့်ရှိ အစုအဖွဲ့ပိုင်သစ်တောတစ်ခုကို ထိန်းသိမ်းထားကြသည်။ အဆိုပါ သစ်တောမှာအတွင်း အချို့နေရာများတွင် နေပျောက်မထိုးနိုင်အောင်ပင် အပင်ကြီးများဖြင့်ပြည့်နှက်နေသည်ကိုတွေ့မြင်နေရပြီဖြစ်သည်။ မန်ကျည်းပင်အကြီးစား အပင် ၁၀၀ ကျော်ကိုလည်းဒေသခံများက ထိန်းသိမ်းထားရှိကြောင်း ဆိုသည်။

အဆိုပါသစ်တောမှာ ရှေးယခင်ကတည်းက ဘိုးဘွားများထိန်းသိမ်းခဲ့သောတောဖြစ်ကာ ရွာသူ/သားတွေ ၀ိုင်းဝန်းသစ်ခုတ်များမှုကြောင့် ၁၉၇၀ နောင်းပိုင်း ခုနှစ်များတွင် လွင်တီးခေါင်ဖြစ်သွားခဲ့ဖူးသေးကြောင်း၊ နောက်ပိုင်းတွင် ဒေသခံများကပြန်လည်ထိန်းသိမ်းခဲ့ခြင်းကြောင့် ယခုအုံ့မှိုင်းအုံ့ဆိုင်းနေသည့်အခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသစ်တောကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး မြေသင်းတွင်းရွာသား ဦးကျော်ဝင်းစိန် ကပြောသည်။

“ငယ်ငယ်တုန်းက ရေတစ်စည်ရဖို့ တစ်နေကုန်သွားရှာရတယ်။ ရေတစ်စည်းကို လူနဲ့နွားမျှသုံးရတယ်။ မိုးလည်းရွာတာနည်းတယ်။ အရင်တုန်းက သစ်တောပြုန်းတီးသွားတုန်းကဆို နွားတွေသွားရင် ဟင်းလင်းပြင်ကြီးဖြစ်နေတော့ အကုန်တွေ့နေရတယ်။ အခုကြတော့ ၀ါး နှစ်ရိုက်လောက်အကွာလောက်ရောက်ရင် ဘာမှမမြင်ရတော့ဘူး။ သစ်ပင်တွေကကွယ်သွားပြီ” ဟု ၎င်းကဆိုသည်။

ယခင် တစ်နှစ်လုံးမိုးရေချိန် ၂၅ / ၂၆ ပတ်ဝန်းကျင်ရရှိခဲ့သည့် မြေတင်းသွင်းရွာတွင် သစ်တောထိန်းသိမ်းထားမှုနဲ့ အပင်ကြီးတွေ အောင်မြင်ဖြစ်ထွန်းလာပြီးနောက်ပိုင်း မိုးရေချိန် ၂၈/၃၀ရရှိခဲ့သည်ကိုမူ ၎င်းတို့ရွာသာများက ၀မ်းပန်းတသာရှိနေကြ၏။ ရွာရပ်မိရပ်ဖဖြစ်သူ အသက် ၇၀ အရွယ်အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးသန်းကျော် က “ကျွန်တော်တို့မှာ ဒီနှစ်ဆိုရင် အခုချိန်ထိကို မိုးရေချိန် ၂၅ ရနေပြီ။ သစ်ပင်သစ်တောရှိမှ မိုးရေရတယ်ဆိုတာကိုသိလာတော့ သစ်ပင်တွေကိုချစ်လာကြတယ်” ဟု ပြောသည်။ ယင်းအပြင် အဆိုပါသစ်တောအတွင်းကပင် နွားစာကိုလွယ်လွယ်ကူကူရရှိနေပြီး သီပင်စားပင်တို့ကိုလည်း ရွာသားများကလုံလောက်စွာစားသောက်ခွင့်ရနေကြပြီဖြစ်ကြောင်း ဆိုကြသည်။

ကျေးရွာပေါင်းမြောက်များစွာရှိသော်လည်း သစ်ပင်သစ်တောအုံ့အုံ့ဆိုင်းဆိုင်းဖြင့် ရှိသည့်ရွာမျိုးမှာ ညောင်ဦးဒေသတွင် ရှားပါးပြီးမြင်တွေ့ရန်မလွယ်ကူလှပေ။။ ယခု အစုအဖွဲ့ပိုင်သစ်တော(CF) အဖြစ်အကောင်အထည်ဖော်နေသည့် ကျေးရွာများမှာ ၎င်းဒေသအတွက် စံပြကျေးရွာများဖြစ်နေကြသည်။

သစ်ပင်သစ်တောများကို ထိန်းသိမ်းကာကွယ်နေသည့်ကျေးရွာများမှာ သစ်ပင်သစ်တောကြောင့် ရာသီဥတုကောင်းသို့ပြန်လည်စတင်ပြောင်းလဲလာမှုနှင့်နောက်ဆက်တွဲကောင်းကျိုးများကို စတင်ခံစားနေရပြီဖြစ်သည်ကိုတွေ့ရှိခဲ့ရသည်။
ယခုမှစတင်ထိန်းသိမ်းဆောင်ရွက်နေသည့်ကျေးရွာများမှာလည်း နောင်တစ်နေ့တွင် သစ်ပင်သစ်တောကြီးထွားလာသည်နှင့်အမျှ့ ပြန်လည်ရရှိလာမည့် ဥတုရာသီကောင်းကို မျှော်လင့်နေကြလျက်ရှိသည်။

ဧက ၅၀၀ သစ်ပင်စိုက်ထားသည့်သပွတ်စုရွာမှ ကိုအောင်ကိုဝင်းက “ဒီအပင်တွေကြီးလာရင် အပင်တွေရှိနေတော့ ရာသီဥတုပြန်မှန်လာမယ်။ ရာသီဥတုမဖောက်ပြန်တော့ဘူး။ မိုးရေလည်း ကျွန်တော်တို့ရလာမယ်” ဟုဆိုသည်။
ဝေဟင်ပေါ်မှ ပျံဝဲရိုက်ကူးသည့် ဒရုန်းအတွင်းဓာတ်ပုံတွင် ဒေသခံများကစိုက်ပျိုး(သို့) ထိန်းသိမ်းထားသော သစ်တောရှိသည့်ရွာများကို အပူပိုင်းဒေသရွာများဟုမထင်ရလောက်အောင်ပင် စိမ်းစိမ်းစိုစိုဖြင့်တွေ့မြင်နေရသည်။ သို့သော် ကျေးရွာအများစုမှာကိုမူ လွင်တီးခေါင်ပုံစံဖြင့်သာတွေ့မြင်နေရသေးသည်။

ညောင်းဦးမြို့နယ်အတွင်းတွင် ရွာပေါင်းမြောက်များစွာရှိသော်လည်း အစုအဖွဲ့ပိုင်သစ်တော ဆောင်ရွက်နေသောရွာမှာ စုစုပေါင်း ၁၀ ရွာသာ ရှိသည်။ ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှရရှိထားသည့်စာရင်းအရဆိုလျှင် ညောင်ဦးတစ်မြို့နယ်လုံး၏ ၁.၂၈ ရာခိုင်နှုန်းသာ သစ်တောရှိပြီး ၁.၅၅ ရာခိုင်နှုန်းသာ ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ထိန်းသိမ်းထားလျက်ရှိကြောင်းသိရသည်။

အဆိုပါ စာရင်းများအရတွက်ချက်ကြည့်ပါက ညောင်ဦးတစ်မြိုနယ်လုံးတွင် စုစုပေါင်းသစ်တောဧက ၁၀၃၈၀ ခန့်ရှိပြီး ယင်းပမာဏမှာ တစ်မြို့နယ်လုံးဧရိယာ၏(၃ရာခိုင်နှုန်းခန့်)သာရှိကြောင်းတွေ့ရသည်။ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဇော်ဇော်နိုင် ကမူ “တော်တော်များများကကြိုးဝိုင်းမဖွဲ့စေချင်ဘူး။ တောရှိတဲ့နေရာတွေကို ကျွန်တော်တို့ကမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေရတဲ့အနေအထားရှိတယ်။ ဒေသခံတွေပူးပေါင်းပါဝင်မှုကတော့ ရာနှုန်းပြည့်လို့ပြောလို့မရသေးပါဘူး” ဟု ပြောသည်။

ရဲလွင်

 

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

 

သပွတ်စုရွာကျေးရွာသားများ၏ ဧက ၅၀၀ စိုက်ခင် (၎င်းကို ယခု CF ဖြစ်ရန်လျှောက်ထားနေဟုဆို)

သပွတ်စုရွာကျေးရွာသားများ၏ ဧက ၅၀၀ စိုက်ခင် (၎င်းကို ယခု CF ဖြစ်ရန်လျှောက်ထားနေဟုဆို)

 

ဧက ၅၀၀ စိုက်ခင်းတွင်းယခုကဲ့သို့စိုက်ပျိုးထားကြသည် (သပွတ်စုရွာ)

ဧက ၅၀၀ စိုက်ခင်းတွင်းယခုကဲ့သို့စိုက်ပျိုးထားကြသည် (သပွတ်စုရွာ)

 

ဒရုန်းပေါ်မှကြည့်ပါက သစ်တောထိန်းသိမ်းထားသောရွာများကို ယခုကဲ့သို့မြင်ရသည်။

ဒရုန်းပေါ်မှကြည့်ပါက သစ်တောထိန်းသိမ်းထားသောရွာများကို ယခုကဲ့သို့မြင်ရသည်။

 

ဒရုန်းပေါ်မှကြည့်ပါက သစ်တောထိန်းသိမ်းထားသောရွာများကို ယခုကဲ့သို့မြင်ရသည်။

ဒရုန်းပေါ်မှကြည့်ပါက သစ်တောထိန်းသိမ်းထားသောရွာများကို ယခုကဲ့သို့မြင်ရသည်။

 

စိုက်ခင်းနှင့်ပတ်သက်၍ရွာသားတစ်ဦးက ရှင်းပြေနေစဉ် (သပွတ်စုရွာ)

စိုက်ခင်းနှင့်ပတ်သက်၍ရွာသားတစ်ဦးက ရှင်းပြေနေစဉ် (သပွတ်စုရွာ)

 

စိုက်ခင်းနှင့်ပတ်သက်၍ရွာသားတစ်ဦးက ရှင်းပြေနေစဉ် (သပွတ်စုရွာ)

စိုက်ခင်းနှင့်ပတ်သက်၍ရွာသားတစ်ဦးက ရှင်းပြေနေစဉ် (သပွတ်စုရွာ)

 

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

 

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း (အဆိုပါမကျည်းပင်မျိုး အပင် ၁၀၀ ကျော်ကိုလည်း ထိန်းသိမ်းထားသည်)

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း (အဆိုပါမကျည်းပင်မျိုး အပင် ၁၀၀ ကျော်ကိုလည်း ထိန်းသိမ်းထားသည်)

 

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

 

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

မြေသင်းတွင်းရွာသားများက ထိန်သိမ်းထားသော ဧက ၅၀ ကျော် CF(အစုအဖွဲ့ပိုင်သစ်တော) မြင်ကွင်း

 

UNDP နှင့်စိမ်းစိုတို့က ပျိုးပင်ထုတ်ပေးပြီး ပျိုးပင်စိုက်ပျိုးခထုတ်ပေးသည်။ ဒေသခံရွာသားများကိုယ်တိုင် စိုက်ပျိုးခရကြပြီး ကိုယ်တိုင်စိုက်ပျိုးထားကြသည်။ ကျင်းတူးခ ၂၀၀ ကျပ်၊ အပင်စိုက်ခ ၁၀၀ ကျပ်နှင့် စုစုပေါင်းတစ်ပင်လျှင် ကျပ် ၃၀၀ ရကြသည်။ (သပွတ်စုရွာ)

UNDP နှင့်စိမ်းစိုတို့က ပျိုးပင်ထုတ်ပေးပြီး ပျိုးပင်စိုက်ပျိုးခထုတ်ပေးသည်။ ဒေသခံရွာသားများကိုယ်တိုင် စိုက်ပျိုးခရကြပြီး ကိုယ်တိုင်စိုက်ပျိုးထားကြသည်။ ကျင်းတူးခ ၂၀၀ ကျပ်၊ အပင်စိုက်ခ ၁၀၀ ကျပ်နှင့် စုစုပေါင်းတစ်ပင်လျှင် ကျပ် ၃၀၀ ရကြသည်။ (သပွတ်စုရွာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*