နတ်ကြောက်လို့ မျိုးမပြုတ်တဲ့ စိမ်းစိမ်းစိုသော ဇီိးအိုတော

နတ်ကြောက်လို့ မျိုးမပြုတ်တဲ့ စိမ်းစိမ်းစိုသော ဇီိးအိုတော
October 5, 2018 Asian Fame

9:51 am
နတ်ကြောက်လို့ မျိုးမပြုတ်တဲ့ စိမ်းစိမ်းစိုသော ဇီိးအိုတော

တော၏အလယ်ခေါင်တည့်တည့်အတွင်ရပ်၍ ဘေးဘယ်ညာငေးပါက ပေ ၁၀၀ ၀န်းကျင်အရွယ် အင်ကြင်းပင်အမြောက်များ၊ အခြားသော ဇီး၊ ပျဉ်းကတိုး၊ ယူကလစ်၊ ထနောင်း စသည့် အပင်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်းအေးအေးဆေးဆေးရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ သစ်ရိပ်ဝါးရိပ်ခိုလိုသူတို့အဖို့မူ အလွန်တရာအဆင်ပြေလှ၏။

တောထူထပ်ပြီး အပင်ကြီးများဖြင့် ပြည့်နှက်နေသည့်အတွက် စိမ်းစိုအေးမြသောတောင်တန်းဒေသ၊ မိုးများဒေသ၊ ရိုးမ တစ်ခုခုအတွင်းရှိမည်ဟု ထင်မှတ်လျှင်မှားမည်ဖြစ်သည်။ အဆိုပါသစ်တောမှာ မြန်မာနိုင်ငံ၏မိုးနည်းရပ်ဝန်းဒေသဟု ခေါ်တွင်ကြသည့် အပူပိုင်းဇုန် ညောင်ဦးဒေသအတွင်း တည်ရှိနေခြင်းကြောင့်ဖြစ်သည်။

အနီးနားရှိအပင်ပေါင်းများစွာ တောပေါင်းများစွာမှာ ဒေသခံများ၏ ထင်းအသုံးစွဲမှု၊ ဆောက်လုပ်ရေးအတွက် အသုံးပြုမှုများဖြင့် ကုန်ဆုံးသွားခဲ့ကြပြီး လွင်တီးခေါင်နီးပါးဖြစ်သွားခဲ့ပြီဖြစ်သည်။ သို့သော် ယခု တောကိုမူ မည်သည့်ဒေသခံတစ်ဦးတစ်ယောက်မှ မထိမတို့ရဲကြ။ ယင်းကြောင့်ပင် အဆိုပါ သစ်တောတစ်ကွက်မှာ ညောင်ဦးဒေသအတွင်း အကောင်းပကတိကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

“တစ်ရွာလုံးဘယ်သူကမှ ဒီတောထဲကထင်းခြောက်တောင် ကောက်ပြီးမီးမစိုက်ရဲဘူး” ဟု ဦးကံရှင် က ပြောသည်။

ဆံပင်ဖြူဖြူ နားရွက်ကြီးကြီး အရပ်မြင့်မြင့် အသက် ၆၇ နှစ်အရွယ် ဦးကံရှင် တစ်ယောက် အဆိုပါသစ်တောအတွင်းတွင် အပင်စိုက်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်လာသည်မှာ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြီဖြစ်သည်။

“ဦးလှတင်အောင် နဲ့ မပန်းမြရင် ဆိုတဲ့နတ်မောင်နှမ က ဒီတောကိုစောင့်တယ်။ သူတို့က ပန်းပဲမောင်တင့်တယ်ရဲ့ ညာလက်ရုံး။ ဘုန်းကြီးတစ်ပါးက ဒီနှစ်မောင်နှမကို ရိုရိုသေသေဆက်ဆံဖို့ မှာခဲ့တယ်။ ကျွန်တော်တို့ရွာသားတွေကတော့ ဒီထဲကနေ ကျိုးကျနေတဲ့ သစ်ကိုင်းခြောက်တောင်မသုံးရဲဘူး။ ဒီထဲလာရင် သမီးရည်းစားစကားလည်းမပြောရဲဘူး” ဟု ဦးကံရှင်က ဆိုသည်။

ဦးကံရှင်း စကားက မှန်သည်။ သစ်တောအတွင်းတွင် အင်ကြင်းပင်အချို့မှာ သဘာဝအတိုင်းလဲကျသေဆုံးလျက်ရှိပြီး အခြားအပင်များစွာ၏ အသက်မဲ့ပင်စည်များက မြေပေါ်တွင် သဘာဝအတိုင်းသာလဲလျောင်းလျက်ရှိသည်။ သေဆုံးသွားသည့်တိုင် အဆိုပါ သစ်ပင်သစ်ကိုင်းများကို မည်သူတစ်ဦးတစ်ယောက်ကမှ ယူငင်သုံးစွဲထားခြင်းမပြုကြ။
အချို့အပင်များမှာ လဲကျသေဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အမြစ်နေရာနှင့် အကိုင်းအခတ်အသေးနေရာများတွင် ဆွေးမြေ့စပြုနေပြီဖြစ်သည်။

ယင်းအင်ကြင်းတောမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး မှ အရှေ့ဘက် ၆ မိုင် ၄ ဖာလုံအကွာတွင်တည်ရှိသည့် ဇီးအိုကျေးရွာ တွင် တည်ရှိနေသည်။
တော၏စုစုပေါင်း အကျယ်အ၀န်း ဧက ၄၀ ရှိပြီးယင်းတောအတွင်း အင်ကြင်းပင် ၆၇၆ပင်ရှိသည်။ အကြီးဆုံးအင်ကြင်းပင်မှာ အမြင့်ပေ ၁၇၃ ပေ၊ လုံးပတ် ၁၅ ပေ ၁ လက်မ ရှိပြီး သက်တမ်းကိုမူ နှစ်ပေါင်း ၅၀၀ ရှိပြီဟု ခန့်မှန်းထားကြသည်။

AD 3 ရာစုကတည်းက ဘိုးဘွားဘီဘင်အဆက်ဆက် စောင့်ရှောက်ခဲ့ကြသည့် သစ်တောဖြစ်သည်ဟု ဇီးအိုရွာဒေသခံများက ဆိုကြသည်။
တောထဲတွင် အင်ကြင်းပင်အပြင် ပျဉ်းကတိုး ကုက္ကိုလ် မန်ကျည်း ထနောင်း ရှား တမာ ဖလံ သပွတ် သပွတ်သိမ် ဇောင်ချမ်း သရင်းကြီး တရော် နီပစေး ဖျောက်ဆိပ် ဖန်ခါး ထောက်ကြံ့ စသည့် သစ်မျိုးစုံလည်း ပေါက်ရောက်လျက်ရှိသည်။

တော၏၀င်ပေါက်မှ ဘယ်ဘက်အခြမ်းကို ပေ ၁၀၀ လောက်သွားပါက ၁၀ပေခန့်ရှိ ဇရပ်ပုံစံသဖွယ်အဆောက်အဦးတစ်ခုရှိသည်။ တစ်ဘက်တည်းသာတည်ရှိသော နံရံပေါ်တွင် ဦးလှတင်အောင်၊ မပန်းမြရင် မောင်နှမ ဟူသော စာတန်းကိုရေးထိုးထားပြီး အဆိုပါနံရံအရှေ့တွင် ရုပ်ထု ၂ ခုကိုတွေ့ရလေသည်။ အမျိုးအစားစုံလင်လှသော ပန်းမျိုးစုံက ရုပ်ထု ၂ခုကို ကွယ်နေသဖြင့် ကောင်းမွန်စွာတော့မမြင်ရ။ အနီးနားတွင် အဖြူ/အနီ ရောင် ပိတ်စ များ ဟိုတစ်စ ဒီတစ်စ ချည်နှောင်ထားသည်ကိုတွေ့ရသဖြင့် နတ်နန်းတစ်ခုဖြစ်သည်ကိုကား အလွယ်တကူသိနိုင်သည်။

ယင်းနေရာကား ဦးကံရှင် ပြောပြသည့် ပန်းပဲမောင်တင့်တယ် ညာလက်ရုံးနတ်မောင်နှမ ကွန်းခိုရာ နတ်နန်းဖြစ်၏။

နတ်နန်းပတ်ဝန်းကျင်တစ်လျှောက် ပြောင်သလင်းခါနေအောင်လှဲကျင်းထားပြီး သစ်ပင်ငုတ်တိုများတွင် အဖြူနှင့်အနီရောထွေးနေသည့် ပေါင်းတော်စ(ဒေသအခေါ်) အမြောက်များက နေရာယူထားကြသည်။
ဦးကံရှင် တို့၏ ဘိုးဘေးဘီဘင်တစ်လျှောက် ခေတ်အဆက်ဆက်စောင့်ရှောက်ခဲ့သည်ဟူသော အဆိုပါ အင်ကြင်းတောကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ ဒေသခံပြည်သူများက အစုအဖွဲ့ပိုင်သစ်တောအဖြစ် သတ်မှတ်ကာကွယ်စောင့်ရှောက်ခဲ့ကြပြီး ယနေ့တွင်မူ သစ်တောဦးစီးဌာနက ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ထားပြီဖြစ်သည်။

မထိမတို့သဘာဝအတိုင်းတည်ရှိနေပြီး ညောင်ဦးမြို့နယ်လိုအပူပိုင်းဒေသမှာ ကြီးကြီးမားမားအင်ကြင်းပင်များနှင့် ထူးထူးခြားကျန်ရှိနေသည့် အဆိုပါတောသို့ နတ်ကိုးကွယ်ယုံကြည်သူများအပါအ၀င် နှစ်စဉ် လူဦးရေ ၅၀၀၀၀ ခန့်လာရောက်လေ့လာကြည့်ရှူကြကြောင်း ဦးကံရှင် ကဆိုသည်။

အပူပိုင်းဒေသဇုန်အတွင်း ယခုကဲ့သို့ခြေရာလက်ရာမပျက်ကျန်ရှိသည့် သစ်တောကို ပြပါဆိုလျှင် အဆိုပါနေရာကိုပင်လက်ညိုးထိုးညွှန်ပြရမည်ဖြစ်သည်။

ဦးကံရှင် ကမူ “နတ်ကြောက်လို့ ကျန်ရစ်ခဲ့တဲ့တောလို့ပဲ ပြောရမှာပါပဲ။ ဒါပေမဲ့ အခုကြာလာတော့လည်းသစ်တောရဲ့တန်ဖိုးကိုလည်းသိလာကြပါပြီ” ဟု ဆိုသည်။

နတ်ကြောက်၍ဖြစ်စေ၊ သစ်တော၏တန်ဖိုးကို သိ၍ဖြစ်စေ…မည်သို့ပင်ဖြစ်စေ… အဆိုပါ အင်ကြင်းတော ဧက ၄၀ မှာ ညောင်ဦးမြို့နယ်အတွင်း ဒေသခံများအတွက်ရော လေ့လာသူများအတွက်ပါ စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုအဖြစ် ရပ်တည်နေ၏။

ဦးကံရှင် တို့၏ ဇီးအိုရွာမှာလည်း အဆိုပါသစ်တောကြောင့်ပင် စိမ်းစိမ်းစိုစိုနှင့် အပူပိုင်းအညာဒေသ၏သရုပ်ကို ဆန့်ကျင်လျက်ရှိသည်။

ရဲလွင်

01

20

19

17

16

15

14

13

12

11

10

09

08

07

06

04

3

02

21

22

23 003

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*