အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်ကန့်ကွက်ထားတဲ့ ထီးခီးစက်မှုဇုန်စီမံကိန်းအပေါ် လွှတ်တော်ကော်မရှင်ဘယ်လို အစီရင်ခံထားသလဲ…

အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်ကန့်ကွက်ထားတဲ့ ထီးခီးစက်မှုဇုန်စီမံကိန်းအပေါ် လွှတ်တော်ကော်မရှင်ဘယ်လို အစီရင်ခံထားသလဲ…
September 25, 2018 Asian Fame

3:41 pm
အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်ကန့်ကွက်ထားတဲ့ ထီးခီးစက်မှုဇုန်စီမံကိန်းအပေါ် လွှတ်တော်ကော်မရှင်ဘယ်လို အစီရင်ခံထားသလဲ…

pnမြိတ်၊ စက်တင်ဘာ ၂၅

“မယ့်သမီးခီး”စက်မှုဇုန်(ထီးခီးစက်မှုဇုန်)တည်ထောင်မယ့် ကိစ္စမှာ ဒေသခံတွေရဲ့အခွင့်အရေးကိုစောင့်ရှောက်ဖို့၊ စီမံကိန်းမြေနေရာကို မြန်မာ-ထိုင်းနယ်စပ်မျဉ်းနဲ့ သင့်လျော်တဲ့အကွာအဝေးမှာရွေးချယ်အဆိုပြုဖို့ အတွက် “မယ့်သမီးခီး”စက်မှုဇုန်လေ့လာသုံးသပ်ရေးကော်မရှင်က သူ့ရဲ့အစီရင်ခံစာမှာ ထည့်သွင်းအကြံပြုလိုက်ပါတယ်။

တနင်္သာရီတိုင်းအစိုးရက အဆိုပြုတင်ပြထားတဲ့ မယ့်သမီးခီးစက်မှုလက်မှုလုပ်ငန်းနယ်မြေအဆိုပြုမှုနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ “မယ့်သမီးခီးစက်မှုဇုန်လေ့လာသုံးသပ်ရေးကော်မရှင်” ရဲ့ အစီရင်ခံစာကို ဒီကနေ့ တနင်္သာရီတိုင်းလွှတ်တော်မှာ ကောင်မရှင်ဥက္ကဌက ဖတ်ကြားတင်သွင်းခဲ့ရာမှာ ၎င်းအတိုင်းပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ကော်မရှင်က စက်မှုဇုန်စီမံကိန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက် ကို ကဏ္ဍ ၅ ခု ခွဲခြမ်းတင်ပြထားကာ အကြံပြုချက်အနေနဲ့ ၅ ချက်ကိုလည်းထည့်သွင်းထားပါတယ်။

မြေယာ၊သဘာဝပတ်ဝန်းကျင်ကဏ္ဍအနေနဲ့ စီမံကိန်းမြေနေရာဟာ ဒေသခံတွေနေထိုင်နေတဲ့ ကျေးရွာ နယ်နမိတ်အဖြစ် တိုးချဲ့ဖွဲ့စည်းမယ့် နေရာမှာ ကျရောက်နေတာကြောင့် သေချာစီစစ်ပြီးဆောင်ရွက်သင့်ကြောင်း ၊ လက်ရှိနေထိုင်နေတဲ့ ဒေသခံတွေမှာလည်း အာမခံချက်ရှိတဲ့ မြေယာပိုင်ဆိုင်မှုအထောက်အထားမရှိတာကြောင့် တစ်ချိန် စီမံကိန်းကြောင့် မြေယာတန်ဖိုးတက်လာရင် နေရပ်ကိုပြန်လာမယ့် တိုင်းရင်းသားတွေနဲ့ လက်ရှိနေထိုင်နေတဲ့ တိုင်းရင်းသားတွေအကြား မြေယာအငြင်းပွားမှုပေါ်လာနိုင်ကြောင်း၊ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ရွှေ့ပြောင်းတောင်ယာလုပ်ငန်း နဲ့ဂေဟစနစ်အပေါ်သက်ရောက်မှုကို အလေးအနက်စဉ်းစားသင့်ကြောင်း ၊ စီမံကိန်းနေရာဟာ မြန်မာ-ထိုင်း ၂ နိုင်ငံအကြား နယ်စပ်မျဉ်းနဲ့ အလွန်နီးကပ်နေပြီး တိကျစွာ နယ်နမိတ်မသတ်မှတ်ရသေးကြောင်း ဒါကြောင့် တိကျတဲ့ နယ်နမိတ်မျဉ်းရှိဖို့လိုကြောင်း၊ စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်း လုပ်ဆောင်ဖို့လိုကြောင်း၊ စီမံကိန်းလုပ်မယ့်နေရာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အရ အပစ်ရပ်နယ်မြေဖြစ်တာကြောင့် KNU နဲ့ အစိုးရကြား NCA ပါအချက်အလက်နဲ့အညီဖြစ်စေရေးထည့်သွင်းစဉ်းစားဖို့လိုကြောင်း ကော်မရှင် ဥက္ကဌ ဦးတိုးလွင် က ပြောပါတယ်။

နောက်ထပ်ကဏ္ဍ တစ်ခုအနေနဲ့ ဒေသခံတွေရဲ့စီမံကိန်းအပေါ်သိရှိမှုစိုးရိမ်မှုတွေကို ဖော်ပြထားပါတယ်။

ကော်မရှင်အနေနဲ့ အစီရင်ခံစာအတွက် ကွင်းဆင်းဆောင်ရွက်ချိန်အထိ စီမံကိန်းနဲ့ပတ်သက်ပြီးဆောင်ရွက်မယ့်အချက်အလက်တွေကို တာဝန်ရှိသူတွေက ဒေသခံတွေထံ ရှင်းလင်းပြောပြခြင်းမရှိတာကိုတွေ့ရကြောင်း၊ ဒါ့အပြင် ဒေသခံတွေအနေနဲ့ စီမံကိန်းမှာပါဝင်မယ့် လုပ်ငန်းတွေ ဘ၀လုံခြုံမှုအာမခံမယ့်အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း လုံးဝမသိရှိသေးကြောင်း၊ ခွဲခြားဆက်ဆံခံရမှာတွေကိုလည်း ဒေသခံတွေက စိုးရိမ်နေကြောင်း၊ မြေယာအတင်းသိမ်းဆည်းခံရတာ ရွှေ့ပြောင်းမြေယာချထားခံရမှာ တွေ မရှိဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်မယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ စီမံကိန်းကို ကန့်ကွက်မှာမဟုတ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတိုးလွင်က ဆိုပါတယ်။

ထီးခီးစီမံကိန်းနဲ့ တွဲဘက်လုပ်ဆောင်မယ့် ရေအားလျှပ်စစ်စီမံကိန်း နဲ့ပတ်သက်လို့လည်း ဒေသခံတွေဟာ ဂဃနဏ မသိရှိသေးဘဲ စီမံကိန်းအပေါ်စိုးရိမ်စိတ်ရှိနေကြောင်း၊ ဒါကြောင့် ဒီစီမံကိန်းအပေါ် ဒေသခံတွေအနေနဲ့ လက်မခံနိုင်သေးတဲ့အခြေအနေမှာရှိနေကြောင်း၊ ဒါပေမဲ့ လက်တလောအရ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ မရှိသေးတာကိုကော်မရှင်အနေနဲ့ တွေ့ရကြောင်း ဆိုပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့လည်း လူထုနဲ့သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် Clean Energy (ဒါမှမဟုတ်) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စနစ် အသုံးပြုနိုင်မှ ရေရှည်တည်တံ့တဲ့စီမံကိန်းဖြစ်လာနိုင်တယ်လို့ ကော်မရှင်က သတိပေးထားပါတယ်။

ဥပဒေပိုင်းဆိုင်ရာသုံးသပ်ချက်အနေနဲ့တော့ တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေ အတိုင်း တိကျစွာလိုက်နာဖို့ ကော်မရှင်က တနင်္သာရီတိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

စီမံကိန်းနဲ့ပတ်သက်လို့ နောင်မှာဖြစ်လာနိုင်တဲ့အငြင်းပွားမှုတစ်ခုကိုလည်း ကော်မရှင်က သတိပေးထောက်ပြထားပါတယ်။

ဒါကတော့ ထီးခီးစက်မှုဇုန် စီမံကိန်းနေရာဟာ ဆက်စပ်အကောင်အထည်ဖော်မယ့် မြန်မာ-ထိုင်းအဝေးပြေးလမ်းမကြီးရဲ့ တစ်ဘက်တစ်ချက်မှာ ပါဝင်နေတဲ့အတွက် နောင်ကို လုပ်ငန်းတွေ အကောင်အထည်ဖော်ရင် တစ်ဘက်နဲ့တစ်ဘက် အငြင်းပွားမှုတွေဖြစ်လာနိုင်တာကြောင့် အခုထီးခီးစီမံကိန်းဆောင်ရွက်သူတွေနဲ့ မြန်မာ-ထိုင်းအဝေးပြေးလမ်းစီမံကိန်းဆောင်ရွက်သူတို့အကြား ကြိုတင်ညှိနှိုင်းပြီး ၂ ဘက်သဘောတူညီချက်ရမှဆောင်ရွက်သင့်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အထွေထွေကဏ္ဍနဲ့ပတ်သက်လို့ စီမံကိန်းအဆိုပြုဧရိယာဟာ အတည်မပြုရသေးတဲ့နယ်စပ်မျဉ်းနဲ့နီးကပ်စွာတည်ရှိနေတာကြောင့် စီမံကိန်းဧရိယာကို နယ်စပ်မျဉ်းနဲ့ သင့်လျော်တဲ့အကွာအဝေးမှာရွေးချယ်အဆိုပြုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ အညီခွင့်ပြုချက်ပေးနိုင်ဖို့ စီစစ်ဆောင်ရွက်သင့်ကြောင်း၊ စက်မှုဇုန်မှာ ပါဝင်မယ့် စက်မှုလက်မှုလုပ်ငန်းအတွက် ရေရရှိသုံးစွဲမှုနဲ့ ပတ်သက်လို့လည်း တိကျတဲ့အစီအမံတွေကို ရှင်းရှင်းလင်းလင်း ထည့်သွင်းဖော်ပြသင့်ကြောင်း ဖော်ပြထားပါတယ်။

အချုပ်အနေနဲ့ စီမံကိန်းနဲ့ပတ်သက်လို့ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးကို စောင့်ရှောက်ဖို့ ၊ စီမံကိန်းခွင့်ပြုချက်မရရှိခင်ကတည်းက ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှု အာမခံချက်ရှိအောင် KNU နဲ့ အစိုးရအကြားညှိနှိုင်းဆောင်ရွက်ဖို့၊ ဥပဒေ အမိန့်ကြော်ညာစာ တွေအတိုင်းလိုက်နာဆောင်ရွက်ဖို့၊ စီမံကိန်းဆောင်ရွက်ရာမှာ ဒီမိုကရေရေး ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအဓွန့်ရှည်ရေး ထိန်းသိမ်းဆောင်ရွက်ဖို့ လည်း ကော်မရှင်က အကြံပြုပါတယ်။

“မယ့်သမီးခီးစက်မှုဇုန်လေ့လာသုံးသပ်ရေးကော်မရှင်” ရဲ့ သုံးသပ်ချက်ကို လိုက်နာဆောင်ရွက်သွားမယ်ဆိုရင် ဒီစီမံကိန်းဟာ နိုင်ငံတော်နဲ့ ဒေသခံပြည်သူတွေအတွက်အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းဖြစ်တယ်လို့လည်း ကော်မရှင်ဥက္ကဌ ဦးတိုးလွင် ကထပ်လောင်းဆိုထားပါတယ်။

နောက်ဆုံး ကော်မရှင်ရဲ့အစီရင်ခံစာကို လွှတ်တော်ရဲ့သဘောထားခံယူရာ ကန့်ကွက်သူမရှိခဲ့တာကြောင့် အစီရင်ခံစာပါအချက်အလက်အတိုင်း ဆောင်ရွက်သွားဖို့ တနင်္သာရီတိုင်းလွှတ်တော်ကအတည်ပြုလိုက်ပါတယ်။

ထီးခီးစက်မှုဇုန်အတွက် တနင်္သာရီတိုင်းအစိုးရက အဆိုပြုထားတဲ့ စက်မှုလက်မှုလုပ်ငန်းမြေနေရာဟာ ဧက ခန့်မှန်း ၆၆၇၆ဧက ရှိပါတယ်။ စီမံကိန်းမြေနေရာထဲမှာ ထီးခီး၊ ကတ္တရာခီး၊ ဆင်ဖြူတိုင်၊ ထီးထ စတဲ့ ကျေးရွာ ၄ရွာပါဝင်နေပြီး အဲဒီ ရွာ ၄ ရွာမှာ ဒေသခံပြည်သူ ၂၆၀၀ ကျော်လောက်နေထိုင်နေတယ်လို့သိရပါတယ်။

စီမံကိန်းနဲ့ လုပ်ဆောင်မယ့်သူတွေအကြား MOU လက်မှတ်ရေးထိုးပြီးနောက်မှာ ဒေသခံ အရပ်ဘက် အဖွဲ့အစည်း ၃၁၃ ခုက အခုလုပ်မယ့်ထီးခီးစီမံကိန်းဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး စုပေါင်းကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်း တနင်္သာရီတိုင်းလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င်အဖွဲ့ဝင် ၁၄ ဦးပါတဲ့ ကော်မရှင်ဖွဲ့စည်းလိုက်ပြီး စီမံကိန်းနဲ့ပတ်သက်လို့ ကွင်းဆင်းလေ့လာ အစီရင်ခံစာရေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်မှာအတည်ပြုလိုက်တာကတော့ အဲဒီအစီရင်ခံစာပဲဖြစ်ပါတယ်။

မယ့်သမီးခီးစက်မှုဇုန်စီမံကိန်းမှာဆိုရင် တနင်္သာရီတိုင်းဒေသကြီးအစိုးရ ၊ KNU မြိတ်-ထားဝယ်ခရိုင် ရဲ့စီးပွားရေးကုမ္ပဏီ၊ တရုတ်ကုမ္ပဏီ တို့ပါဝင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*