ထီလက်မှတ်ဈေးပိုရောင်းလို့ တိုင်ကြားတဲ့ကိစ္စ တနင်္သာရီတိုင်းအတွင်းမရှိဟု ၀န်ကြီးဆို

ထီလက်မှတ်ဈေးပိုရောင်းလို့ တိုင်ကြားတဲ့ကိစ္စ တနင်္သာရီတိုင်းအတွင်းမရှိဟု ၀န်ကြီးဆို
September 24, 2018 Asian Fame

1:58 pm
ထီလက်မှတ်ဈေးပိုရောင်းလို့ တိုင်ကြားတဲ့ကိစ္စ တနင်္သာရီတိုင်းအတွင်းမရှိဟု ၀န်ကြီးဆို

pnမြိတ်၊ စက်တင်ဘာ ၂၄

ထီလက်မှတ်တွေဈေးပိုရောင်းချမှုရှိနေပေမယ့် အဆိုပါကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာတိုင်ကြားမှုမျိုး တနင်္သာရီတိုင်းအတွင်းမှာမရှိသေးဘူးလို့ တိုင်းဒေသကြီး ၀န်ကြီးက ဒီကနေ့ ကျင်းပပြုလုပ်တဲ့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

မဲဆန္ဒနယ် တနင်္သာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ မေးမြန်းတဲ့ တနင်္သာရီတိုင်းဒေသကြီးမြို့နယ်များအတွင်း အောင်ဘာလေထီလက်မှတ်ကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချနေမှု၊ အခွန်တံဆိပ်ခေါင်းပါစာချုပ်တွေကို သတ်မှတ်ဈေးနှုန်းထွက်ပိုမိုရောင်းချနေမှုအပေါ်ကြပ်မတ်ထိန်းကျောင်းဖို့ ရှိ/မရှိ နဲ့ပတ်သက်လို့မေးမြန်းတဲ့ မေးခွန်းအပေါ် တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း က အခုလို ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

မေးခွန်းမေးမြန်းသူ ဦးရဲမြင့်ဆွေ က တနင်္သာရီတိုင်းအတွင်း တနင်္သာရီမြို့မှာ ထီလက်မှတ်တွေကို ၅၅၀၊ ၆၀၀ ကျပ်စသဖြင့် ရောင်းချနေမှုတွေရှိသလို၊ တစ်ခြားမြို့နယ်တွေမှာ ကျပ် ၇၀၀ အထိ ရောင်းချမှုတွေရှိတာကြောင့်အခွန်ထမ်းပြည်သူတွေအတွက်အခက်အခဲဖြစ်ရကြောင်း၊ ဒါ့အပြင် အခွန်တံဆိပ်ခေါင်းပါ စာချုပ်တွေကိုလည်း သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းနေတာကို တွေ့ရကြောင်း၊ ဒါကြောင့် ၎င်းဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အရေးယူထားမှုရှိရင် မြို့နယ်အလိုက်စာရင်းဖော်ပြပေးပါရန် မေးမြန်းတောင်းဆိုခဲ့ပါတယ်။

ဒီအပေါ် စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း က “ပင်ရင်းထီဆိုင်များမှ ကြီးကြပ်မှုအားနည်းတယ်ဆိုတာ မှန်ပါတယ်။ လက်ရှိမြေပြင်မှာလည်းပဲ သတင်းတွေကြားနေရပါတယ်။ လက်ရှိအနေအထားကတော့ ပင်ရင်းထီဆိုင်များမှ ထပ်ဆင့် ရောင်းချသူများကနေပြီးတော့ ပြန်လည်ရောင်းချနေတဲ့နေရာမှာ ဈေးနှုန်းမြင့်မားနေတာဖြစ်ပါတယ်။ အခုလက်ရှိတိုင်ကြားမှုအနေနဲ့တော့ ကျွန်တော်တို့ တနင်္သာရီတိုင်းအနေနဲ့တော့ လက်ရှိအနေအထားအရ မရှိသေးပါဘူး။ နောက်တစ်ခုကတော့တရားမ၀င်ရောင်းချနေမှုနဲ့ပတ်သက်လို့ အခွန်တံဆိပ်ခေါင်းများနဲ့ပတ်သက်လို့ တိုင်းအတွင်းမှာ အခွန်ရုံးဟာ ၁၀မြို့နယ်စလုံးမှာရှိပါတယ်။ ကျွန်တော်တို့တိုင်းအတွင်းမှာတရားမ၀င်ရောင်းချတဲ့ဆိုင်လည်းမရှိပါဘူး။ သို့သော်ငြားလည်း ပြည်သူလူထုအနေနဲ့လည်း ပူးပေါင်းပါဝင်တဲ့အနေနဲ့ နီးစပ်ရာဆိုင်တွေမှာဝယ်ယူခြင်းမပြုဘဲ အခွန်ရုံးများမှာ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါတယ် ၀ယ်ယူလို့မှ လိုချင်တဲ့ အခွန်တံဆိပ်ခေါင်းကို မရလို့ရှိရင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အချိန်မရွေးပြောကြားနိုင်ပါတယ်” လို့ ပြောပါတယ်။

အောင်ဘာလေထီဥပဒေကို ပြဌာန်းနိုင်ခြင်းမရှိသေးတာကြောင့် လက်လီရောင်းချတဲ့ဆိုင်တွေအထိ ကြီးကြပ်ထိန်းကျောင်းဖို့အခက်အခဲရှိသောကြောင့် ထီလုပ်ငန်းရှင်အသင်းကို လစဉ် အစည်းအဝေးခေါ်ယူပြီးတိုက်ရိုက်ဝယ်ယူရောင်းချသူတွေအနေနဲ့ ထီလက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချဖို့ ထပ်ဆင့်ရောင်းတဲ့ဆိုင်တွေကိုလည်း ဈေးနှုန်းမြင့်မားမှုမရှိစေဖို့ ကြီးကြပ်ဖို့ ပင်ရင်းထီဆိုင်တွေက သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးဖို့ လူစည်ကားရာနေရာတွေမှာရောင်းချပေးဖို့ မှာကြားလျက်ရှိတယ်လို့ လည်း ၀န်ကြီးက ဆိုပါတယ်။

တိုင်ကြားမှုတွေရှိတယ်လို့ စီစစ်တွေ့ရှိရရင် ပင်ရင်းထီဆိုင်ကြီးကြပ်မှုအားနည်းတယ်လို့ သတ်မှတ်ကာ အဆိုပါပင်ရင်းထီဆိုင်ရဲ့ ၀ယ်ယူခွင့်အရေအတွက်ပါ တိုင်ကြားခံရသောထီဆိုင်ခွဲရဲ့ထီလက်မှတ်ဝယ်ယူခွင့်ကိုရပ်ဆိုင်းဆောင်ရွက်နေတယ်လို့ လည်း သူကထပ်လောင်းဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာတော့ လိုင်စင်ရယူပြီးအခွန်တံဆိပ်ခေါင်း ရောင်းချလိုသူ မရှိဘူးလို့ သိရပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*