လွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်တုထားမှာကို ကန့်ကွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၂၃ ဦးရှိပြီဟုဆို

လွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်တုထားမှာကို ကန့်ကွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၂၃ ဦးရှိပြီဟုဆို
July 20, 2018 Asian Fame

1:03 pm
လွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်တုထားမှာကို ကန့်ကွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၂၃ ဦးရှိပြီဟုဆို

Loykor Generalလွိုင်ကော်၊ ဇူလိုင် ၂၀

လွိုင်ကော်မှာဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ထားရှိမယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်တာ၊ စာရွက်ဖြန့်ဝေတာတွေ လုပ်ခဲ့လို့ တရားစွဲခံရတဲ့ အရပ်ဘက်အဖွဲ့အစည်းအသီးသီးက ကယားလူငယ်စုစုပေါင်း ၂၃ ဦးရှိပြီလို့ သိရပါတယ်။

သူတို့ ၂၃ ဦးမှာ အများစုဟာ စာရွက်ဖြန့်ဝေမှုအတွက် ပုဒ်မ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၀၅(ခ)(ဂ) အသီးသီးနဲ့တရားစွဲဆိုခံရတာဖြစ်ပြီး အချို့ကတော့ လမ်းလျှောက်စီတန်းဆန္ဒထုတ်ဖော်မှုအတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ /၂၀ စတာတွေနဲ့ တရားစွဲဆိုခံရတာဖြစ်တယ်လို့ ကယားလူငယ်တစ်ဦးဖြစ်သူ မော်မိုးမြာ က ပြောပါတယ်။

သူတို့ကို လွိုင်ကော်တရားရုံး၊ ဖရူဆိုတရားရုံး၊ ဒီမောဆိုး တရားရုံးတို့က သက်ဆိုင်ရာမြို့နယ်အလိုက်အသီးသီးတရားစွဲဆိုလိုက်တာလည်းဖြစ်ပါတယ်။ အချို့ကတော့ ငြိမ်းစုစီဥပဒေနဲ့တရားစွဲခံရသလို စာရွက်ဖြန့်ဝေမှုအတွက်လည်းပုဒ်မ ၅၀၅(ခ)(ဂ) နဲ့တရားစွဲဆိုခံရထားကြောင်း ၎င်းကဆက်ပြောပါတယ်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုအပြီး နောက်ရက်တွေမှာ ပထမဦးဆုံးအနေနဲ့ လူငယ် ၁၀ ဦးကို ပုဒ်မ ၅၀၅(ခ)(ဂ) တွေနဲ့ တရားစွဲဆိုခဲ့ပြီး နောက်တစ်ကြိမ် ၁ ဦး၊ နောက်တစ်ကြိမ် ၁၃ ဦး စသဖြင့် အသီးသီးတရားစွဲဆိုခဲ့တာ နောက်ဆုံးအနေနဲ့ မနေ့က ခွန်းဂျွန်သန်း နဲ့ ဆားအီ ဆိုတဲ့လူငယ် ၂ဦးကို ဖရူဆိုမြို့နယ်တရားရုံးက တရားစွဲဆိုထားတာဖြစ်ပါတယ်။

၎င်းခွန်းဂျွန်သန်း နဲ့ ဆားအီ ကတော့ ဒီကနေ့ ဖရူဆိုမြို့နယ်တရားရုံးမှာ သွားရောက်ရှင်းလင်းထုချေရမယ်လို့ သိရပါတယ်။

ငြိမ်းစုစီနဲ့တရားစွဲခံထားရတဲ့လွိုင်ကော်က လူငယ် ၁၃ ဦးကို ဇူလိုင် ၁၇ ရက်နေ့က လွိုင်ကော်တရားရုံးမှာ ငြိမ်းစုစီပုဒ်မ (၁၉)(၂၀) တို့နဲ့ စွဲချက်တင်ခဲ့ပြီး ၉ ဦးဟာ အာမခံရယူခဲ့ကြပါတယ်။

ဒါပေမဲ့ လွိုင်ကော်အပါအ၀င် ဒီမောဆို့မြို့မှာပါ တရားစွဲခံထားရတဲ့ ဒီးဒီ (ခ)စစ်မုန်း၊ ခွန်းသောမတ်စ်၊ ဖိလစ်စိုးအောင်နှင့် ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းတို့ ၄ ဦးကတော့ အာမခံမရယူခဲ့ဘဲ ထောင်အတွင်းကနေ ပဲ ဆက်လက်တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း မော်မိုးမြာထံကသိရပါတယ်။

လွိုင်ကော်မြို့ ပြည်နယ်မြို့တော်ခန်းမ နံဘေး ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ရုပ်ထုထားရှိမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ကြား မပြေလည်မှုဖြစ်ပွားနေတာ ကြာပြီဖြစ်ပါတယ်။

ဒီကိစ္စအတွက် နဲ့ ကယားအရပ်ဘက်အဖွဲ့အစည်းတွေဟာ ဇူလိုင် ၃ ရက်နေ့မှာ လွိုင်ကော်မြို့အတွင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆန္ဒပြအဖွဲ့အစည်းတွေအကြား တစ်ကြိမ်တွေ့ဆုံဆွေးနွေးထားပေမယ့် တိကျသေချာတဲ့အဖြေတစ်ခုကိုမရှိခဲ့ကြပါဘူး။

ဒါပေမဲ့ လက်ရှိမှာတော့ ဗိုလ်ချုပ်ရုပ်ထုကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံ/ကန့်ကွက် ဆန္ဒမဲတွေ ဒေသခံတွေထံက ကောက်ယူမှုတွေရှိနေပြီး ဇူလိုင် ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်နေ့အထိ အသက် ၁၈ နှစ်ပြည့်ပြီး ကန့်ကွက်ဆန္ဒမဲပေးသူ လက်မှတ်ပေါင်း ၄၀၀၀၀ ရရှိထားတယ်လို့ ကန့်ကွက်သူ ကယားအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ထားမှုမရှိသေးပါဘူး။

ဒီကနေ့ မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားထပ်မံတွေ့ဆုံသွားဖို့ကိစ္စကတော့မဖြစ်မြောက်တော့ဘူးလို့ ကရင်နီပြည်လူငယ်များသမဂ္ဂမှ ဥတ္တရာအောင် ကပြောပါတယ်။

AF – 178
Photo – KNIC

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*