Plan မလာဘဲဘတ်ဂျက်အရင်တင်တဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေအတွက်တောင်းခံငွေ ကျပ်သန်းပေါင်း ၃၄၀၀ကျော် စီစစ်လျော့ချဖို့ တင်ပြခံရ

Plan မလာဘဲဘတ်ဂျက်အရင်တင်တဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေအတွက်တောင်းခံငွေ ကျပ်သန်းပေါင်း ၃၄၀၀ကျော် စီစစ်လျော့ချဖို့ တင်ပြခံရ
June 15, 2018 AsianFame MediaGroup

3:58 pm
Plan မလာဘဲဘတ်ဂျက်အရင်တင်တဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေအတွက်တောင်းခံငွေ ကျပ်သန်းပေါင်း ၃၄၀၀ကျော် စီစစ်လျော့ချဖို့ တင်ပြခံရ

35379523_1826041930773097_2904196695883513856_n

လွိုင်ကော်၊ ဇွန် ၁၅

Plan အရင်မလာဘဲ ဘတ်ဂျက်အရင်တင်လာတဲ့ စီမံကိန်းတွေအတွက်တင်ပြငွေ ကျပ်သန်းပေါင်း ၃၄၀၀ကျော်ကိုစီစစ်လျော့ချပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေထဲထည့်သွင်းလိုက်ဖို့ ကယားပြည်နယ်လွှတ်တော် က ဆောင်ရွက်တော့မှာဖြစ်ပါတယ်။

လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့က တင်ပြထားတဲ့ ဘတ်ဂျက်ရသုံးမှန်းချေငွေစာရင်းအထဲမှာ ချောင်းရေကို သန့်စင်ပြီး လွိုင်ကော်မြို့နယ် နဲ့ အနီးနားကကျေးရွာတွေကို ရေပေးမယ့် ကျပ်သန်း ၂၀၀၀ ပမာဏ စီမံကိန်း ၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအတွက် ၀ယ်ယူမယ့် E-government နဲ့ CCTV စက်အတွက်ဆိုတဲ့ခေါင်းစဉ်အောက်က ကျပ်သန်း ၄၅၈ သန်း ၊ အဝေးပြေးကားဝင်း စီမံကိန်းအတွက် ကျပ်သန်း ၁၀၀၀ စတဲ့ ကိစ္စတွေကို စီစစ်လျော့ချပြီး ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေအထဲကို ထည့်သွင်းလိုက်ဖို့ ဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့က တင်ပြထားတဲ့ ၂၀၁၈-၁၉ ဘဏ္ဍာငွေရသုံးမှန်းချေငွေစာရင်းနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်က ဒီကနေ့ အစီရင်ခံစာတင်သွင်းရာမှာ အခုလို စီစစ်လျော့ချုဖို့ တင်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဦီးသိန်းအောင်က ” ရုံးသုံးစက်ကိရိယာ အတွက် ကျပ် ၄၅၈ သန်း ဟာ E-government နဲ့ CCTV စက်အတွက် ဆိုပြီးအကြောင်းပြထားတာတွေ့ရပါတယ်။ ကော်မတီအနေနဲ့ အဆိုပါအသုံးစရိတ်ကို စီစစ်လျော့ချလိုခြင်းအကြောင်းအရင်းကတော့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ငွေလုံးငွေရင်း စာအုပ်မှာဆိုရင် ရှေ့နှစ်တွေက ၀ယ်ယူထားတဲ့ စက်ပစ္စည်းတွေကိုဖော်ပြထားခြင်းမရှိပါဘူး။ ကျွန်တော်တို့သိရသလောက်ကတော့ ရှေ့နှစ်တွေမှာလည်း E-government နဲ့ CCTV တွေ အကြောင်းပြသုံးစွဲ တာတွေမနည်းပါဘူး။ ဒါတွေကို စာရင်းဖျောက်ပြီးငွေကျပ် ၄၅၈ သန်း ထပ်မံတင်ပြတာဟာ ပြည်သူ့ဘဏ္ဍာငွေကိုချွေတာရာမရောက်ဘဲ ဖြုန်းတီးရာရောက်ပါတယ်”လို့ ပြောပါတယ်။

ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဘဏ္ဍာငွေနဲ့ဝယ်ယူထားတဲ့ နှစ်အဆက်ဆက်က ပစ္စည်း တွေကို စနစ်တကျရေးသွင်းဖို့ အကြံပြုလိုကြောင်း နဲ့ ဘတ်ဂျက်စာအုပ်တွေမှာ ရှေ့နှစ်က စာရင်းတွေကို ဘာတစ်ခုမှမတွေ့ရလို့ စာရင်းစစ်ချုပ်အနေနဲ့သေသေချာချာစီစစ်ဖို့ ဆိုပြီး ဦးသိန်းအောင် က အကြံပြုပါသေးတယ်။

အလားတူ ပြည်နယ်အစိုးရဘတ်ဂျက်တောင်းခံမှုအထဲက ကျေးလက်ဒေသဖွံ့ဖြိုးတိုက်တက်ရေးဦးစီးဌာနခေါင်းစဉ်အောက်က တင်ပြလာသော ချောင်းရေကို သန့်စင်ပြီးရေပေးဝေမယ့်ကိစ္စမှာသုံးမယ့် ကျပ်သန်း ၂၀၀၀ ဟာလည်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အဆိုပြုလျာထားခြင်း သက်သက်သာဖြစ်နေကြောင်း ၊ ဘတ်ဂျက်လျာထားတယ်ဆိုတာ စီမံကိန်းကို သိမှသာလျာထားရတာဖြစ်တဲ့အတွက် ကော်မတီအနေနဲ့လက်မခံနိုင်ဘူးလို့ ဦးသိန်းအောင်က ဆက်ပြောပါတယ်။

” ပြည်ထောင်စုလွှတ်တော်မှာဆိုရင်လည်း သက်ဆိုင်ရာဝန်ကြီးတွေက ၎င်းတို့လုပ်မယ့်လုပ်ငန်း စီမံကိန်းတွေကို လွှတ်တော်သို့လာရောက်ဖြေရှင်းအတည်ပြုချက်ရယူပြီးမှ ဘတ်ဂျက်တွေ ထည့်သွင်းလျာထားသုံးစွဲခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကော်မတီအနေနဲ့လက်မခံနိုင်ပါ။ လွှတ်တော်သို့အရင်တင်ပြအတည်ပြုခြင်း မရှိသည့်စီမံကိန်း ဖြစ်သောကြောင့် စီစစ်လျော့ချဖို့အကြံပြုလိုပါတယ်” လို့ ၎င်း ကထပ်လောင်းဆိုပါတယ်။

ဒါ့အပြင် ကယားပြည်နယ် ဥပဒေချုပ်ရုံးဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက် ပြန်လည်ဆောက်လုပ်ဖို့ တင်ပြတောင်းခံထားတဲ့ ဘတ်ဂျက်ကိုလည်း လျော့ချဖို့ ကော်မတီက တင်ပြပါသေးတယ်။

ဦးသိန်းအောင်ကပဲ ” ပြည်နယ်ဥပဒေချုပ်ရုံးအနေဖြင့်လည်း ရုံးမှာဟောင်းနွမ်းနေပြီဟု အကြောင်းပြသော်လည်း ရုံးသက်တမ်းဟာ ၂၇ နှစ်သာရှိသေးခြင်း၊ လက်ရှိအသုံးပြုနိုင်သေးခြင်း တို့ကြောင့် ပြည်သူ့ဘဏ္ဍာငွေကိုဖြုန်းတီးရာရောက်တာကြောင့် ကော်မတီအနေဖြင့် ကျပ်သန်း ၂၄၀ စီစစ်လျော့ချဖို့ အကြံပြုလိုပါတယ်” လို့ ပြောပါတယ်။

အလားတူ ကယားပြည်နယ်စည်ပင်သာယာ အဖွဲ့က အဝေးပြေးယာဉ်ရပ်နားစခန်း အသစ်တည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး တင်ပြတောင်းခံထားတဲ့ ဘတ်ဂျက်ငွေဟာလည်း လျော့ချဖို့ တင်ပြခံရပါတယ်။

စည်ပင်သာယာရေးအဖွဲ့က တင်ပြလာတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်း ကျပ်သန်း ၁၀၀၀ ဆိုတာလည်း plan ပြီးမှ ဘတ်ဂျက်လျာထားတာမဟုတ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့က ယခုလို စီစဉ်ဆောင်ရွက်မှုအပေါ်လည်း အဝေးပြေးရပ်နားစခန်းမှာရှိတဲ့ကော်မတီတွေက စုပေါင်းလက်မှတ်ထိုးကန့်ကွက်စာပေးပို့ထားတာကြောင့် စီစစ်လျော့ချသင့်တယ်လို့ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်က ထပ်ပြောပါတယ်။

ဒါကြောင့် ဒီကနေ့ ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ က စီစစ်လျော့ချဖို့ တင်ပြတဲ့ ငွေပမာဏဟာ ကျပ်သန်း ၃၄၄၁ ကျော်ဖြစ်ပါတယ်။

ဒီစီစစ်လျော့ချမယ့်ငွေ ကျပ်သန်းပေါင်း ၃၄၄၁.၀၁ သန်း ကိုကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေ စာရင်းမှာ ထည့်သွင်းပြီး အစိုးရနဲ့လွှတ်တော်ပူးပေါင်းကာ ဒေသဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ၊ အစိုးရအဖွဲ့အနေနဲ့လည်း မိမိတို့တင်ပြလာမှုအပေါ် ဥပဒေစည်းမျဉ်းစည်းကမ်း နဲ့ညီမညီ ပြန်သုံးသပ်ဖို့ ငွေစာရင်းကော်မတီက ထပ်မံအကြံပြုတိုက်တွန်းခဲ့ပါတယ်။

အထက်ပါကိစ္စတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ချောင်းရေကို သန့်စင်ပြီး ရေပေးဝေမယ့် စီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ပေးစေချင်ကြောင်း၊ စီမံကိန်း ဟာ လာမယ့် ဇူလိုင်လကုန်လောက်မှာထွက်ရှိလာမှာဖြစ်ကြောင်း ပြောပါတယ်။

ဦးမော်မော်ရဲ့တင်ပြချက်အပေါ် စီမံကိန်းအရင်မတင်ပြဘဲဘတ်ဂျက်ကိုခွင့်ပြုပေးဖို့ဟာဘောင်ကျော်နေတာကြောင့် ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ လွှတ်တော်ဥက္ကဌက ငြင်းဆိုခဲ့ပါတယ်။

လွှတ်တော်ဥက္ကဌ က “အစိုးရအဖွဲ့ရဲ့ စီမံကိန်းကြီးများနဲ့ပတ်သက်ပြီးလုပ်ဆောင်မည်ဆိုပါက ဗဟိုဦးစီးစနစ်နဲ့မလုပ်ဘဲ ပြည်သူနဲ့ လွှတ်တော်ကို အသိပေးဖို့လိုပါတယ်။ ပြည်သူအတွက် လုပ်ပေးချင်တာတစ်ခုတည်းနဲ့ ဘတ်ဂျက်ကိုစည်းလွတ်ဝါးလွတ်လျာထားခြင်းမပြုသင့်ကြောင်းထောက်ပြလိုပါတယ်။ ယခုကတော့ လျာထားချက်အပေါ်ဆွေးနွေးပြီး လိုတိုးပိုလျော့ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာလျာထားချက်ကို ကယားပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေအပိုဒ် ၁၄၆ အရ ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စု၏ ဘဏ္ဍာရေးကော်မရှင်သို့တင်ပြညှိနှိုင်းပြီးမှသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြန်ပေးပို့လာတဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေအရ ပြည်နယ်န၀်ကြီးချုပ်၏ထောက်ခံတင်ပြချက်အရ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်မှာ သဘောတူအတည်ပြုခြင်း ငြင်းပယ်ခြင်း လျော့၍ခွင့်ပြုချင်းတို့ကို အများဆန္ဒနဲ့အညီဆောင်ရွက်ရမှာပါ ။ လွှတ်တော်မှာမဲခွဲဆုံးဖြတ်လို့ ပြည်နယ် အတွက် နစ်နာခဲ့ပါက သက်ဆိုင်ရာဝန်ကြီးကတာဝန်ယူရပါမယ်” လို့ ဆိုပါတယ်။

ကယားပြည်နယ်အစိုးရက လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေတောင်းခံမှုအပေါ် ငြင်းခုန်ဆွေးနွေးခဲ့ကြတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အ စည်းအဝေးကတော့ ဒီကနေ့မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*