ပါတီတစ်ခုရဲ့တံဆိပ်နဲ့ တူညီနေတဲ့ စစ်ကိုင်းတိုင်းတံဆိပ်ကို ပြောင်းလဲဖို့ တိုင်းလွှတ်တော် ဆုံးဖြတ်

ပါတီတစ်ခုရဲ့တံဆိပ်နဲ့ တူညီနေတဲ့ စစ်ကိုင်းတိုင်းတံဆိပ်ကို ပြောင်းလဲဖို့ တိုင်းလွှတ်တော် ဆုံးဖြတ်
June 13, 2018 AsianFame MediaGroup

2:24 pm
ပါတီတစ်ခုရဲ့တံဆိပ်နဲ့ တူညီနေတဲ့ စစ်ကိုင်းတိုင်းတံဆိပ်ကို ပြောင်းလဲဖို့ တိုင်းလွှတ်တော် ဆုံးဖြတ်

35193535_1823108911066399_8816533536073842688_n

မုံရွာ၊ ဇွန် ၁၃

ပါတီကြီးတစ်ခုရဲ့အမှတ်တံဆိပ်နဲ့ တူညီနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့အမှတ်အသားတံဆိပ်ကို ပြုပြင်ပြောင်းလဲဖို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဇွန် ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းလွှတ်တော် မှာ မုံရွာမြို့နယ် မဲဆန္ဒနယ် ၁ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည် တင်သွင်းခဲ့တဲ့ “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အလံအမှတ်အသားတံဆိပ်နှင့် ရင်ထိုးတံဆိပ်တို့အား သိသာထင်ရှားကွဲလွဲပြတ်သားသော ဒီဇိုင်းပုံဖြင့် ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးပါရန်တိုက်တွန်းကြောင်း” အဆိုနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာဖြစ်ပါတယ်။

အဆိုနဲ့ပတ်သက်ပြီးမဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄မဲ ၊ ကြားနေမဲ ၂၃ မဲ ၊ ပယ်မဲ ၁ မဲ ရရှိခဲ့တဲ့အတွက် တံဆိပ်ပြောင်းလဲမယ့် အဆိုကို အတည်ပြုကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဒေါ်အမာကြည်ရဲ့အဆိုကို NLD လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး USDP လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကကန့်ကွက်ကြောင်း ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးအကြံပြုကြောင်း အသီးသီးဆွေးနွေးခဲ့ကြပါတယ်။

အဆိုရှင် ဒေါ်အမာကြည်ဟာ အဆိုတင်သွင်းစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးချုပ်ဦးဆောင်တဲ့တိုင်းဒေသကြီးအစိုးရအဖွဲဝင် ၀န်ကြီးတွေရဲ့ကားတွေမှာ တပ်ဆင်ထားတဲ့ အစိုးရအဖွဲ့ ရဲ့အမှတ်အသားတံဆိပ်ဟာ ပါတီတစ်ခုရဲ့ အမှတ်အသားတံဆိပ်နဲ့ တူညီနေတာကြောင့် ပြည်သူတွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်ခဲ့ရကြောင်း ၊ ဒါကြောင့် တံဆိပ်ကို ပြောင်းလဲ ပေးဖို့ ဆိုပြီး တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

ဒေါ်အမာကြည်ရဲ့အဆိုပါ အထင်အမြင်လွဲမှားစေတယ်ဆိုတဲ့ ကိစ္စဟာ ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ဘူးလို့ ဆိုလိုက်သူကတော့ မင်းကင်းမြို့နယ် မဲဆန္ဒနယ် ၂ USDP လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်း ပဲဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ပွင့်လင်းစွာပြောရပါက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကိုယ်စားပြု အလံ အမှတ်အသားတံဆိပ် ရင်ထိုးတံဆိပ်တွေနဲ့ ထပ်တူထပ်မျှတူညီနေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အခု ဇေယျာရွှေမြေလို့ခေါ်တဲ့ စစ်ကိုင်းတိုင်းရဲ့အမှတ်အသားတံဆိပ်ဟာ ယခုမှ အသုံးပြုတာမဟုတ်ဘူး။ ဆင်တူယိုးမှားဖြစ်ပေါ်မှုဟာလည်း တမင်ကြံရွယ်လုပ်ဆောင်တာမဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ပါတယ်။
လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုတွေဟာ ပါတီတစ်ခုရဲ့LOGO ကြောင့် အစိုးရအဖွဲ့ရဲ့ LOGO အမှတ်အသားတံဆိပ်ကြောင့် အဲ့ဒီပါတီကြီးရဲ့ ကောင်းတဲ့လုပ်ရပ်တွေ မှေးမိန်ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မထင်မြင် မယူဆမိပါဘူုး။ အမှတ်အသားတံဆိပ်တစ်ခုအတွက် ငြင်းခုန်မဲခွဲနေရမယ့်အစား စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးတိုးတက် ဖွံ့ဖြိုးရေးအတွက်စုပေါင်းအားနဲ့ဝိုင်းဝန်းကြိုးစားရမယ့်အချိန်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်” လို့ ဒေါက်တာဆန်းဝင်းကဆိုပါတယ်။

တံဆိပ်ပြင်ဆင်မယ့်ကိစ္စမှာ ပြင်ဆင်လိုတဲ့ပြည်သူတွေရှိသလို မပြင်ဆင်လိုတဲ့ပြည်သူတွေလည်းရှိကြောင်း ဒါကြောင့် ပြည်သူ့ဆန္ဒကိုရယူပြီးမှသာဆောင်ရွက်သင့်ကြောင်း ၊အဆိုကို အတည်မပြုသင့်ဘူးလို့ သူက ထပ်လောင်းဆိုပါတယ်။

အဆိုကိုထောက်ခံဆွေးနွေးခဲ့တဲ့ ကလေးမဲဆန္ဒနယ် ၁ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် က “တစ်ချိန်က ဘယ်အကြောင်းကြောင့်ပြုလုပ်ခဲံ့သည်ဖြစ်ပါစေ ဒီကနေ့မှာ ပြည်သူတွေရဲ့ဆန္ဒပြည့်ဝစေဖို့ ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ် အားလုံးမှာ တာဝန်ရှိပါတယ်” လို့ တံဆိပ်ပြောင်းလဲမယ့်ကိစ္စအပေါ် ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် အဆိုကို NLD လွှ တ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ၀န်းသိုမဲဆန္ဒနယ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်မိုး ၊ မော်လိုက်မဲဆန္ဒနယ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့် ၊ ၀က်လက်မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း ၊ တမူးမဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး ၊ ဆားလင်းကြီး မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် ၊ မော်လိုက်မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း၊ ချောင်းဦးမြို့နယ် မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ၊ပုလဲမြို့နယ် မဲဆန္ဒနယ် ၁ ကိုယ်စားလှယ် ဦးဇော်ထက်၊ ရေဦးမဲဆန္ဒနယ် ၂ကိုယ်စားလှယ် ဦးမြင့်ထွေး ၊ တို့က တံဆိပ်ပြောင်းသင့်ကြောင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ရေဦးမဲဆန္ဒနယ် ၂ကိုယ်စားလှယ် ဦးမြင့်ထွေး က “သိပ်အရေးကြီးတဲ့အလုပ်တစ်ခုလား သိပ်အရေးမကြီးတဲ့အလုပ်တစ်ခုလား ဆိုတာက ခံယူချက်အပေါ်မှာမူတည်ပါတယ်။ မိမိအတွက်သိပ်အရေးမကြီးပေမယ့် တစ်ခြားလူအတွက် အရေးကြီးတာဖြစ်ပါတယ်။ အလုပ်မရှိကြောင်ရေချိုးနေတယ်လို့ မထင်စေချင်ပါဘူး။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ပြည်သူ ၅၃သန်းကျော်က ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ပြည်သူလူထုအတွက် ဒီအလုပ်ကိုလုပ်ရတာဖြစ်ပါတယ်။ နောင်အစိုးရအဖွဲ့နဲ့ ပါတီတွေ အလုပ်မရှုပ်ရလေအောင် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ပုလဲမြို့နယ် မဲဆန္ဒနယ် ၁ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက် ကလည်း လက်ရှိအာဏာရပါတီ NLD ရဲ့တံဆိပ်ကို စစ်ကိုင်းဒေသကြီးအမှတ်အသားတံဆိပ်အဖြစ်အသုံးပြုမှာမဟုတ်ကြောင်း၊ သုံးခဲ့ရင်လည်း ၎င်းကိုယ်တိုင် လွှတ်တော်အထဲကနေ ကန့်ကွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်နိုင်အေး က တော့ တံဆိပ်ပြောင်းလဲမယ့်ကိစ္စကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူ ၅ သန်းထံကနေသဘောထားကောက်ယူပြီးမှ ပြောင်းလဲသင့်ကြောင်းနဲ့ ယခင်အသုံးပြုခဲ့တဲ့ အောက်ခံအစိမ်းရောင်မပါတဲ့ တံဆိပ်ကို ပြန်လည်အသုံးပြုသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ပုလဲမြို့နယ် မဲဆန္ဒနယ် ၁ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက် ဆွေးနွေးချက်ပါအချက်အချို့ကို မင်းကင်းမြို့နယ် မဲဆန္ဒနယ် ၂ USDP လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်း က ကန့်ကွက်ကြောင်း ထပြောခဲ့ပါတယ်။ ဒီအပေါ် ဦးဇော်ထက်ကလည်း သူဆွေးနွေးတာဟာ ဥပဒေနဲ့အညီဆွေးနွေးဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြလို့ လွှတ်တော်ဥက္ကဌက ၂ ဘက်စလုံး အပြုသဘောနဲ့ဆွေးနွေးခြင်းသာဖြစ်တယ်လို့ ၀င်ရောက်ဖျန်ဖြေခဲ့ရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ဆွေးနွေးချက် ၊ အဆိုနဲ့ပတ်သက်ပြီး အတည်ပြုရင်တော့ တိုင်းအစိုးရကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ တံဆိပ်ကို ပြောင်းလဲသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူကပြန်လည်ရှင်းလင်းပြောဆိုပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ခြသေ့င်္ရုပ်ပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တံဆိပ်ကို ၁၉၇၁ခုနှစ် တိုင်းဒေသကြီးပြည်နယ် အမှတ်အသားတံဆိပ်တွေ သတ်မှတ်စဉ်မှာ အသုံးပြုခဲ့တဲ့ တံဆိပ်အမှတ်အသားဖြစ်ပြီးနောက်ပိုင်း ဆက်လက်အသုံးပြုခဲ့တာဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*