ကျောက်လုံးကြီးစခန်း၊ ပြည်တော်ပြန်မြန်မာလုပ်သားတွေပြန်လည်လက်ခံရေးကို မနေ့ကပိတ်သိမ်းခဲ့ပေမယ့် ၀န်ကြီးဌာနကတော့ ဆက်လက်ဖွင့်လှစ်ပေးဖို့ တောင်းဆိုထား

ကျောက်လုံးကြီးစခန်း၊ ပြည်တော်ပြန်မြန်မာလုပ်သားတွေပြန်လည်လက်ခံရေးကို မနေ့ကပိတ်သိမ်းခဲ့ပေမယ့် ၀န်ကြီးဌာနကတော့ ဆက်လက်ဖွင့်လှစ်ပေးဖို့ တောင်းဆိုထား
June 1, 2018 Fame Asian

12:37 pm
ကျောက်လုံးကြီးစခန်း၊ ပြည်တော်ပြန်မြန်မာလုပ်သားတွေပြန်လည်လက်ခံရေးကို မနေ့ကပိတ်သိမ်းခဲ့ပေမယ့် ၀န်ကြီးဌာနကတော့ ဆက်လက်ဖွင့်လှစ်ပေးဖို့ တောင်းဆိုထား

34109671_1809397462437544_611936851455901696_n

မြ၀တီ၊ ဇွန် ၁

မြ၀တီမြို့ကျောက်လုံးကြီးစခန်းက ပြည်တော်ပြန်မြန်မာလုပ်သားတွေပြန်လည်လက်ခံရေးအစီအစဉ်ကို မနေ့ကပိတ်သိမ်းခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနကတော့ ဒါကိုဆက်လက်ဖွင့်လှစ်ပေးဖို့ တောင်းဆိုထားတယ်လို့ 
သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးမှုတွေရှိနေပြီး ဒါတွေကို ပြန်လည်လွှတ်ပေးနေတာမျိုးတွေရှိနေသေးတဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာတဲ့မြန်မာအလုပ်သမားတွေဆက်လက်ရှိနေပြီးသူတို့ကို လက်ခံကြိုဆိုဖို့ လိုအပ်နေတာကြောင့် လောလောဆယ်ပိတ်သိမ်းဖို့ အဆင်မပြေသေးကြောင်း အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနက ကရင်ပြည်နယ်အ စိုးရထံ စာပေးပို့ခဲ့တာလို့ သိရပါတယ်။

အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာန ရွှေ့ပြောင်းလုပ်သားရေးရာဌာန အရာရှိတစ်ဦးက “ပိတ်လို့အဆင်မပြေသေးတဲ့အတွက် ဆက်လက်ဖွင့်လှစ်ဖို့ ပြည်နယ်အစိုးရနဲ့ညှိနေပါတယ်။ လောလောဆယ်တော့ ယာယီပိတ်နေမယ်ထင်တယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မြ၀တီကျောက်လုံးကြီးစခန်းက လုပ်သားတွေပြန်လည်လက်ခံကြိုဆိုရေးအစီအစဉ်ကို ကရင်ပြည်နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးက ဦးဆောင်လုပ်တာလို့တော့ တာဝန်ရှိသူတွေကပြောပါတယ်။

ပြန်လည်လက်ခံရေးအစီအစဉ်ကိုလည်း မေ ၃၁ ရက်နေ့မှာ ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

ပြန်လည်လက်ခံကြိုးဆိုရေးအစီအ စဉ်ကို ဆက်လက်ဖွင့်လှစ်ပေးဖို့ ရေးသားထားတဲ့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနရဲ့စာဟာ ယမန်နေ့ကပဲ ကရင်ပြည်နယ်အ စိုးရအဖွဲ့ရုံးကို ရောက်ရှိခဲ့ပြီး ၀န်ကြီးချုပ်ထံတင်ပြထားတယ်လို့ ကရင်ပြည်နယ်အ စိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတေဇထွဋ်လှိုင်ထွေး က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“လွန်ခဲ့တဲ့ ရက် ၂၀ လောက်တုန်းကတော့ ယာယီရပ်ဆိုင်းဖို့ ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အတူ လုပ်ထားတာပေါ့နော်။ နောက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဒါကို ဘယ်တော့ ပိတ်သိမ်းမှာလဲ မေးတော့ ကျွန်တော်တို့က ပြည်ထောင်စုဝန်ကြီးကိုတင်ပြ။ ပြည်ထောင်စုဝန်ကြီးရုံး စာပြန်တယ်ပေါ့နော်။ စာထဲမှာ မေလ ကုန်ရင် ယာယီပိတ်သိမ်းခွင့်ပြုတယ်ပေါ့နော်။ လောလောဆယ်တော့မနေ့က တော့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့သဘောနဲ့ ယာယီပိတ်သိမ်းလိုက်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ဒါကလည်း လွန်ခဲ့တဲ့ ရက် ၂၀ လောက် တစ်လလောက်ကတည်းက လာတဲ့စာကိုကြည့်ပြီးတော့ ပိတ်သိမ်းခွင့်တောင်းထားတာပေါ့နော်။ ၀န်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ကလည်း ပိတ်သိမ်းခွင့်ပေးထားတော့ ကျွန်တော်တို့ကလည်း ဒီလကုန်ရင်ပိတ်သိမ်းခွင့်ပြုလိုက်တာပါ။ ဒါပေမဲ့ မနေ့ တစ်နေ့ကတော့ ပြည်ထောင်စုဝန်ကြီးထံကနေ စာပြန်ဝင်လာတယ်။ ဒီဇွန်လ မှာဆိုရင် ထိုင်းမှာအလုပ်သမားတွေ ဖမ်းဆီးခံရပြီးပြန်လည်လွှတ်ပေးတယ်ပေါ့နော်။ ဒါကြောင့် မပိတ်သိမ်းပါနဲ့ဦးဆိုပြီး စာကို မနေ့ညကမှ ၀န်ကြီးရုံးခန်းထဲကိုရောက်တယ်။ ဒါကိုလည်း အစိုးရအဖွဲ့ကို တင်ထားပါတယ်။ ဒါပေမဲ့ မနေ့ကမှ မပိတ်ပါနဲ့ဦး ဆိုပြီး စာပြန်ဝင်လာတော့ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့က စာပြန်ထွက်မှပဲ ပြန်ဖွင့်မယ်” လို့ ဦးမင်းတေဇထွဋ်လှိုင်ထွေး က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ယာယီပိတ်သိမ်းထားပြီဖြစ်တဲ့ ပြန်လည်လက်ခံကြိုဆိုရေးအစီအစဉ်ကို ဘယ်တော့လောက်ပြန်ဖွင့်နိုင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

မြ၀တီကျောက်လုံးကြီး စခန်းကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာမှာတော့ စခန်းတာဝန်ခံ ဦးအောင်ရွှေကျော်က ယမန်နေ့က အထိ မြန်မာလုပ်သားတွေဝင်ရောက်မှုရှိပြီး ၉သုံးလုံးဂိတ်ကို ၂၉ ယောက်ရောက်ရှိလာကြောင်း ဒီကနေ့ နေ့လည် ၁၂ နာရီအထိတော့ ၀င်ရောက်လာတဲ့လုပ်သားတွေမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်အထောက်အထားမရှိလို့ သွားရောက်လုပ်ကိုင်နေတဲ့ တရားမ၀င် မြန်မာလုပ်သားတွေဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံရပြီးမြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာနေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ပြန်လည်လက်ခံရေးအစီအစဉ်ကို ပိတ်သိမ်းလိုက်ရင် အလုပ်သမားတွေဒုက္ခရောက်သွားနိုင်ပြီး ပွဲစားတွေ အကြားမှာ အလုပ်သမားတွေ လုံးပါးပါးသွားနိုင်တာကြောင့် အစီအစဉ်ကို မပိတ်သိမ်းပေးဖို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်သူတွေကတောင်းဆိုထားကြပါတယ်။

AF – 178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*