တရုတ်သစ်ကားတွေလာခိုးသယ်နေတဲ့ ဆော့လော်ကသစ်ကိစ္စမှာ သစ်ခိုးကားတွေလက်တလောလှုပ်ရှားမှုရပ်တန့်နေပြီး ၎င်းတို့ကိုဖမ်းဆီးဖို့ညွှန်ကြားထားဟုဆို

တရုတ်သစ်ကားတွေလာခိုးသယ်နေတဲ့ ဆော့လော်ကသစ်ကိစ္စမှာ သစ်ခိုးကားတွေလက်တလောလှုပ်ရှားမှုရပ်တန့်နေပြီး ၎င်းတို့ကိုဖမ်းဆီးဖို့ညွှန်ကြားထားဟုဆို
May 31, 2018 Fame Asian

2:33 pm
တရုတ်သစ်ကားတွေလာခိုးသယ်နေတဲ့ ဆော့လော်ကသစ်ကိစ္စမှာ သစ်ခိုးကားတွေလက်တလောလှုပ်ရှားမှုရပ်တန့်နေပြီး ၎င်းတို့ကိုဖမ်းဆီးဖို့ညွှန်ကြားထားဟုဆို

ဆော့လော်၊ မေ ၃၁

တရုတ်သစ်ကားတွေ လာခိုးသယ်နေတဲ့ ဆော့လော်က သစ်တန်ချိန် ၁၃၀၀ ကျော်ကိစ္စမှာ သစ်ခိုးကားတွေ လက်တလောလှုပ်ရှားမှုရပ်တန့်နေတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက “လောလောဆယ်ကတော့အေးနေတယ် ဘာအသံမှမကြားတော့ဘူး။ သစ်ကားတွေ ရပ်ထားတယ် လှုပ်ရှားမှုမရှိဘူးလို့ ဒေသခံတွေကပြောတယ်။ ဒီတစ်ရက် ၂ ရက်ကတော့ငြိမ်နေတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ကချင်ပြည်နယ် ဆော့လော်မြို့နယ် အတွင်းက လန်ဆယ်ကျေးရွာနဲ့ ကန်ကုန်ကျေးရွာအကြား တောတွင်းတစ်နေရာမှာ စုပုံထားတဲ့ သစ်တန်ချိန် ၁၃၄၅ တန်ကျော်ကို တရုတ်သစ်ကား အစီး ၄၀ လောက်က လာရောက်သယ်ဆောင်နေတယ်ဆိုတဲ့အကြောင်း ဓာတ်ပုံတွေနဲ့တကွ ဒေသခံလွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် နိုင်ငံတော်အစိုးရ/ပြည်နယ်အစိုးရ/ ပြည်ထောင်စုဝန်ကြီးဌာန/ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ တိုင်းစစ်ဌာနချုပ်တို့ထံ မေလ ၂၂ ရက်နေ့မှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စအတွက် ကချင်ပြည်နယ်အစိုးရ ၊ သစ်တောဦးစီးဌာန တို့ က တပ်မတော်နဲ့ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကိုလည်းတာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုထားပါတယ်။

ကချင်ပြည်နယ်သစ်တောဦးစီးဌာန ကတော့ အဆိုပါ နေရာကို သစ်တောဦးစီးဌာန ၀န်ထမ်း တွေနဲ့ ပြည်သူ့စစ်တွေပါဝင်တဲ့အဖွဲ့ ၂ ဖွဲ့ကို သွားရောက်စစ်ဆေးဖို့ စေလွှတ်ထားကြောင်းပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“မနေ့ညနေက ဆက်သွယ်ရသလောက်ကတော့ ၊ သူတို့နဲ့တော့တိုက်ရိုက်မရဘူး။ တစ်ဆင့်ခံရတာ။ သူတို့ ၂ ဖွဲ့က ကပေါင်းပြီးတော့ ဆော့လော်သစ်ကို သွားပြန်စစ်နေတယ်ပြောပါတယ်။ တစ်ဖွဲ့ကတော့ ပန်ဝါပြည်သူ့စစ်အဖွဲ့တွေလည်းပါသွားပါတယ်။ သူတို့အဖွဲ့ကတော့ ကန်ဖန် ရောက်နေတယ်။ နောက်တစ်ဖွဲ့ကတော့ ဖီမော်ရောက်နေတယ်။ အဲ့ဒါကတရုတ်ပြည်ကိုထွက်တဲ့နယ်စပ်ပေါက်ပေါ့။ နယ်စပ်ပေါက်ရဲ့အခြေအနေကိုကြည့်ပြီးတော့ သစ်ထားတဲ့နေရာကိုသွားပြီးသစ်လုံးတွေသွားပြန်ရေတွက်မှာပေါ့။ သစ်ကားတွေအခြေအနေက သတင်းအရ သစ်ကားတွေမထွက်ဘူးလို့သိရတယ်။ တစ်ချို့ကားတွေက အထဲမှာပဲလည်နေတယ်၊ တစ်ချို့ကားတွေလည်းပစ္စည်းတွေပြန်ချတယ်ပြောတယ်။ ကျွန်တော်တို့လည်း အဲဒါဆို ချရင်ချတဲ့နေရာလိုက်စစ်ဆိုပြီး လူကြုံနဲ့လှမ်းပြီးပြောခိုင်းလိုက်ပါတယ်။ ဂိတ်တွေကိုလည်း အဲ့ကားတွေတားဆီးပေးဖို့ ပန်ဝါပြည်သူ့စစ်အဖွဲ့ကိုထည့်ပေးလိုက်ပါတယ်” လို့ ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှူး ဦးခင်မောင်ဦးက ပြောပါတယ်။

အဆိုပါ တရုတ်သစ်ခိုးကားတွေကိုလည်း ဖမ်းဆီးဖို့ ညွှန်ကြားထားကြောင်း သူကထပ်လောင်းဆိုပါတယ်။

“ဖမ်းဖို့ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ဌာနက ဖမ်းပြီးထားသစ်ကို လာပြန်ခိုးတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ပြီးအရေးယူရမှာပါ” လို့ သူကပြောပါတယ်။

အခု အခိုးခံရတဲ့ပြဿနာဖြစ်ပွားနေတဲ့ ဆော့လော်ကသစ်လုံးပုံကြီးဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလလောက်မှာ ဖမ်းမိခဲ့တဲ့သစ်တွေဖြစ်ပြီး အဆိုပါသစ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုခွင့်ပေးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။

ယင်းအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသအခြေစိုက် ပန်ဝါပြည်သူ့စစ်အတွက် တန် ၅၀၀ ၊ ဆော့လော်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးအတွက်အသုံးပြုဖို့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ကို တန် ၅၀၀၊ ပူတာအိုက နဂါးကုမ္ပဏီအတွက် တန် ၂၄၀ ရောင်းချပေးမယ်လို့ မေလ ၁၅ ရက်နေ့မှာ စာထုတ်ခဲ့ပြီး ကချင်ပြည်နယ်သစ်တောဦးစီးဌာနရုံးကိုညွှန်ကြားခဲ့ပါတယ်။

သက်ဆိုင်ရာ သစ်ဝယ်မယ့် ပြည်သူ့စစ် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ကုမ္ပဏီ တို့ထံ မေ ၁၆ ရက်နေ့မှာအကြောင်းကြားစာပြန်လည်ပေးပို့ခဲ့ပြီး မေ လ ၂၅ ရက်နေ့ မှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရောင်းချဖို့ ညှိနှိုင်းအစည်းအဝေးလုပ်ဖို့ လျာထားတုန်း အခုလို တရုတ်သစ်ခိုးကားတွေက လာရောက်ခိုးယူသယ်ဆောင်တဲ့ပြဿနာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*