စစ်ဆေးရေးဂိတ်တွေကို ယာဉ်တန်းရှည်နဲ့နေ့စဉ့်ဖြတ်ပြီး စိုက်ပျိုးသယ်ဆောင်နေတဲ့ ၀ိုင်းမော်မြို့က တရုတ်တစ်သျှူးငှက်ပျောကိစ္စဟာ တရားဝင်ခွင့်ပြုထားတာတစ်ခုမှမရှိဟုကချင်ပြည်နယ်အစိုးရဆို

စစ်ဆေးရေးဂိတ်တွေကို ယာဉ်တန်းရှည်နဲ့နေ့စဉ့်ဖြတ်ပြီး စိုက်ပျိုးသယ်ဆောင်နေတဲ့ ၀ိုင်းမော်မြို့က တရုတ်တစ်သျှူးငှက်ပျောကိစ္စဟာ တရားဝင်ခွင့်ပြုထားတာတစ်ခုမှမရှိဟုကချင်ပြည်နယ်အစိုးရဆို
May 30, 2018 AsianFame MediaGroup

3:35 pm
စစ်ဆေးရေးဂိတ်တွေကို ယာဉ်တန်းရှည်နဲ့နေ့စဉ့်ဖြတ်ပြီး စိုက်ပျိုးသယ်ဆောင်နေတဲ့ ၀ိုင်းမော်မြို့က တရုတ်တစ်သျှူးငှက်ပျောကိစ္စဟာ တရားဝင်ခွင့်ပြုထားတာတစ်ခုမှမရှိဟုကချင်ပြည်နယ်အစိုးရဆို
ဝိုင်းမော်မြို့သို့ ၀င်ရောက်နေသည့် တရုတ်တစ်သျှူးငှက်ပျောသယ်ယာဉ်တန်းနှင့် ငှက်ပျောစိုက်ခင်း(Photo- ဦးနော်လီ)

ဝိုင်းမော်မြို့သို့ ၀င်ရောက်နေသည့် တရုတ်တစ်သျှူးငှက်ပျောသယ်ယာဉ်တန်းနှင့် ငှက်ပျောစိုက်ခင်း(Photo- ဦးနော်လီ)

မြစ်ကြီးနား၊ မေ ၃၀

စစ်ဆေးရေးဂိတ်ပေါင်းများစွာကို ယာဉ်တန်းရှည်နဲ့ဖြတ်သန်းပြီးနေ့စဉ်ဝင်ရောက် စိုက်ပျိုးသယ်ဆောင်နေတဲ့ ၀ိုင်းမော်မြို့နယ်က တရုတ်တစ်သျှူးငှက်ပျောသယ်ကားတွေ ဟာ တရားဝင်ခွင့်ပြုထားတာတစ်ခုမှမရှိဘူးလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ယမန်နေ့ ကကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေး မှာ ၀ိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ် မေးမြန်းခဲ့တဲ့ “၀ိုင်းမော်မြို့နယ်အတွင်း အစိုးရမှ တရားဝင်ခွင့်ပြုထားသည့် တစ်သျှူးငှက်ပျောစိုက် ကုမ္ပဏီ အမည်စာရင်း ၊ စိုက်ဧက စာရင်းများကို ထုတ်ပြန်ပေးရန်နှင့် ကျန်တရားမ၀င် တရုတ်တစ်သျှူးငှက်ပျောစိုက်ကုမ္ပဏီင်္များကို ပြည်နယ်အစိုးရမှ အရေးယူဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ” မေးခွန်းကို ကချင်ပြည်နယ်အစိုးရက ပြန်လည်ဖြေကြားရာမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မေးခွန်းမေးမြန်းသူ ဦးနော်လီက “တစ်ခုမှ တရားမ၀င်ဘူး လို့ဖြေသွားတယ်။ ငြိမ်းချမ်းရေးအခြေအနေမကောင်းတော့ လုပ်ရကိုင်ရခက်တယ် ဆိုတာမျိုးပြန်ဖြေသွားတယ်” လို့ ဦးနော်လီက ဆိုပါတယ်။ ဦးနော်လီရဲ့မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး ၃ ပါးက စုပေါင်းဖြေဆိုသွားခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်ကနေ ၀င်ရောက်လာတဲ့အဆိုပါတစ်သျှူးငှက်ပျောသယ်တဲ့ကားတွေက နယ်စပ်ဂိတ်ဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ဂိတ်လမ်းကြောင်းအတိုင်းဝင်ရောက်လာတာဖြစ်ပြီး အဆိုပါလမ်းတစ်လျှောက်မှာ အကောက်ခွန်ဂိတ် နဲ့ စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိနေတယ်လို့ ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက ပြောပါတယ်။

“ဂိတ်တွေများလားမများလား ဆိုတာ ၃ ပေ တစ်ဂိတ်လို့တောင်ပြောလို့ရတယ်။ အဲဒီလောက်များတဲ့ ဂိတ်တွေကို ဒီတရားမ၀င် ကားတန်းကြီးက ဘယ်လိုဖြတ်ပြီးဝင်လာလဲတော့ မသိတော့ဘူး။ ပေးကမ်းပြီး ၀င်လာမှာပေါ့” လို့ ဦးလဂန်ဇယ်ဂျုံးကဆိုပါတယ်။

စစ်ဆေးဂိတ်တွေကို တရားမ၀င်တဲ့ယာဉ်တန်းတွေဖြတ်သန်းဝင်ရောက်နေမှုနဲ့ပတ်သက်ပြီးမေးမြန်းဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ၊ လမ်းပန်းဝန်ကြီး၊ စည်ပင်ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိခဲ့ပါဘူး။

လက်ရှိ ၀ိုင်းမော်မြို့နယ်အတွင်းမှာ တရုတ်ကုမ္ပဏီတွေလာစိုက်တဲ့ တစ်သျှူးငှက်ပျောစိုက်ခင်း ဧက ၆၀၀၀၀ ပတ်ဝန်းကျင်မှာရှိနေပြီး ဒီစိုက်ခင်းတွေကိစ္စနဲ့ပတ်သက်လို့ ယခင်မူလစိုက်ပျိုးသူဒေသခံတိုင်းရင်းသားတွေနဲ့ တစ်သျှူးငှက်ပျောစိုက်တဲ့ တရုတ်ကုမ္ပဏီတွေအကြား မြေယာအငြင်းပွားမှု ပြဿနာတွေများစွာဖြစ်ပွားနေကြောင်း ဦးလဂန်ဇယ်ဂျုံးက ဆိုပါတယ်။

ယခင်ဒေသခံတွေခုတ်ထွင်ရှင်းလင်းစိုက်ပျိုးတဲ့ မြေနေရာတွေကို တရုတ်တစ်သှူးငှက်ပျောစိုက် တရုတ်ကုမ္ပဏီတွေက တစ်သျှူးငှက်ပျောစိုက်တဲ့အခါ ဒေသခံတွေ နဲ့ ပြဿနာတက်ပြီး မြေယာအငြင်းပွားမှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။

“ဒုက္ခလည်းရောက်ပါတယ် ။အစိုးရကလည်း တရားဝင်ခွင့်ပြုထားတာဘာမှမရှိဘူးပြောတယ်။ ပြည်သူတွေ ဒုက္ခရောက်တယ်။ ငှက်ပျောကားတွေ တောက်လျှောက်သွားတော့ သူတို့ဝင်တိုက်မိလို့ သေတဲ့သူလည်းရှိတယ်။ စိုက်ခင်းအတွက် ဆေးဝါးသုံးတဲ့နေရာမှာလည်း သေချာလုပ်တာမဟုတ်တော့လူတွေလည်းဒုက္ခရောက် တိရိစ္ဆာန်တွေလည်းဒုက္ခရောက်တယ် ” လို့ သူကဆိုပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အဆိုပါ တရားမ၀င်တရုတ်တစ်သျှူးငှက်ပျောစိုက်တဲ့ကုမ္ပဏီတွေနဲ့ ဖြစ်တဲ့ပြဿနာတွေမှာ ဥပဒေကြောင်းအရ ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားဖို့ လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

အခု ပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးမြန်းပြီးပြီဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်မှာလည်း တရားမ၀င်ဘူးဆိုတဲ့ တရုတ်တစ်သျှူးငှက်ပျောကိစ္စနဲ့ပတ်သက်ပြီးမေးခွန်းမေးမြန်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက ဆိုပါတယ်။

တစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာ တရုတ်နိုင်ငံသားတွေ ဝင်ထွက်သွားလာလုပ်ကိုင်နေမှုကိုစီစစ်ဖို့နဲ့ ဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ ၀ိုင်းမော်ဒေသခံတောင်သူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မြစ်ကြီးနားမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

လက်ရှိ ၀ိုင်းမော်မြို့နယ်အတွင်းမှာစိုက်ပျိုးတဲ့ တစ်သျှူးငှက်ပျောတွေကို တရုတ်တွေကလာစိုက် ၊ တရုတ်တွေက လာခုတ်ပြီး တရုတ်ပြည်အတွင်းကိုပဲ ၂၄ ဘီးပါ တရုတ်ကုန်တင်ယာဉ်တန်းတွေနဲ့ ပြန်လည်သယ်ဆောင်သွားတာလို့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ဆိုပါတယ်။

AF – 178

22

ဝိုင်းမော်မြို့သို့ ၀င်ရောက်နေသည့် တရုတ်တစ်သျှူးငှက်ပျောသယ်ယာဉ်တန်းနှင့် ငှက်ပျောစိုက်ခင်း(Photo- ဦးနော်လီ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*