ပါကစ္စတန်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးလုံခြုံရေးအတွက် အရေးပေါ် ရန်ပုံငွေ ထံမှ ငွေသုံးရန် တင်ပြချက်အား လွှတ်တော်ခွင့်ပြု

ပါကစ္စတန်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးလုံခြုံရေးအတွက် အရေးပေါ် ရန်ပုံငွေ ထံမှ ငွေသုံးရန် တင်ပြချက်အား လွှတ်တော်ခွင့်ပြု
May 18, 2018 Asian Fame media group

5:39 pm
ပါကစ္စတန်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးလုံခြုံရေးအတွက် အရေးပေါ် ရန်ပုံငွေ ထံမှ ငွေသုံးရန် တင်ပြချက်အား လွှတ်တော်ခွင့်ပြု

32954315_1794243667286257_9158509410685812736_n

နေပြည်တော်၊မေ၁၈

ပါကစ္စတန် နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသံရုံး ၏ လုံခြုံရေးကို တိုးမြှင့်ရန်အတွက် မြန်မာအစိုးရအနေဖြင့် ငွေကျပ် သန်းပေါင်း ၃၀၀ကျော်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေထဲမှ အထက်ပါငွေကို ထုတ်ယူသုံးစွဲမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြည်ထောင်စုလွှတ်တော်ကို ယနေ့တွင်တင်ပြသည်။

”ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ၂၀၁၇ခုနှစ် နိုဝင်ဘာလအတွင်းမှာပါကစ္စတန် နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထို့အပြင်အစ္စလာမ်မာဘတ်မြို့ရှိ မြန်မာသံရုံး အား အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ခိုင်လုံတဲ့ သတင်းတစ်ပုဒ်ကို အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်မှတဆင့် နိုင်ငံခြားရေးဝန်ကြီးကို အကြောင်းကြားလာခဲ့ပါတယ်။ အလားတူပင် အိမ်ရှင် နိုင်ငံရဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗျူရိုမှ ပေးပို့လာတဲ့ ထောက်လှမ်းရေးသတင်းများအရ ကလည်း မြန်မာနိုင်ငံသံရုံးအား အကြမ်းဖက် တိုက်ခိုက်မှုများ ရှိလာနိုင်တယ်လို့ ကျွန်တော်တို့ကြားသိရပါတယ်။ သာမာန်အားဖြင့် သံတမန်များရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေးကိစ္စကို သံတမန်များဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းအရ အိမ်ရှင်နိုင်ငံက ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့အစ္စလာမ်မာဘတ်မြို့ မြန်မာသံရုံး သံအမတ်ကြီးအပါအ၀င် အရာထမ်းအမှုထမ်းများအားလုံး ရဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးဖို့အတွက် မြန်မာသံရုံးကနေ ပြီးတော့ အိမ်ရှင်နိုင်ငံ သံတမန်ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်စေခဲ့ပါတယ်။ အဲ့ဒီလိုဆွေးနွေးတဲ့ အခါမှာ အိမ်ရှင်နိုင်ငံကနေ လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးနည်ဖြစ်ကြောင်း နဲ့ သံရုံးဘက်က လည်းပဲ လိုအပ်မယ့်လုံခြုံရေးဆိုင်ရာအဆောက်အအုံ ပြင်ဆင်ခြင်းလုပ်ငန်းတွေ၊စက်ကိရိယာများတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တောင်းဆိုလာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာသံရုံးဘက်ကနေ ဆောင်ရွက်ပေးရမယ့် ခြံစည်းရိုးများ မြှင့်တင်ခြင်း၊သံဆူးကြိုးလိပ်များမြှင့်တင်ခြင်း နောက်ပြီးတော့ အဆင့်မြှင့် ဂိတ် ၂ထပ်တံခါးများ တပ်ဆင်ခြင်းများ အပါအ၀င် လုံခြုံရေးအစီအမံများ ဆောက်လုပ်တပ်ဆင် အသုံးပြုမည့် ပစ္စည်းကိရိယာရဲ့ အသေးစိတ် အချက်အလက် များကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးသို့ ပေးပို့တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ဝန်ကြီးဌာန အနေဖြင့် ၎င်းသံရုံး၏တောင်းဆိုချက်များအား ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေ လျာထား ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ဖြည့်စွတ် ခွင့်ပြုငွေအဆိုပြုစဉ်က ယင်းကိစ္စကို မသိရှိခဲ့ရဘဲ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကုန်လွန်ခါနီးကာမှ သိရှိခဲ့ရခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာသံရုံး အစ္စလာမ်မာဘက်မြို့တွင် လုံခြုံရေးဆိုင်ရာ လုပ်ငန်း များမဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခွင့် လျှောက်ထားခဲ့ရာမှာ ၂၆- ၃-၂၀၁၈ ရက်နေ့မှာ ပြည်ထောင်စု အစိုးရအဖွဲ့မှ ကြိုတင်ခွင့်ပြုခဲ့ပြီးတော့ ၆-၄-၂၀၁၈ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၈) တွင်လည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ခွင့်ပြုချက်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် ကုန်ခံနီးမှ ရရှိတဲ့ အတွက် ၂၀၁၈ခုနှစ် ၆လ စီမံကိန်းမှာ ၎င်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။ယခုတင်ပြခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ဖြစ်သည့် ငွေကျပ် ၃၁၉ဒသမ၆၆၇၆၆ကျပ်သန်း အား အစ္စလာမ်မာဘတ်မြို့ မြန်မာသံရုံး ရဲ့ လုံခြုံရေးအရ အရေးတကြီး လိုအပ်လျှက်ရှိတဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင် ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီး ကပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်နာယက က မှတ်တမ်းတင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*