စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကလုပ်မယ့် ချင်းတွင်းသင်္ကြန်ပွဲတော် ဘတ်ဂျက်ကိစ္စ ပွင့်လင်းမြင်သာမှုအားနည်းဟု ဝေဖန်နေကြ

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကလုပ်မယ့် ချင်းတွင်းသင်္ကြန်ပွဲတော် ဘတ်ဂျက်ကိစ္စ ပွင့်လင်းမြင်သာမှုအားနည်းဟု ဝေဖန်နေကြ
March 23, 2018 Fame Asian

6:35 pm
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကလုပ်မယ့် ချင်းတွင်းသင်္ကြန်ပွဲတော် ဘတ်ဂျက်ကိစ္စ ပွင့်လင်းမြင်သာမှုအားနည်းဟု ဝေဖန်နေကြ

29512698_1733828096661148_5291243215014168368_n

မုံရွာ၊ မတ် ၂၃

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က လုပ်မယ့် ချင်းတွင်းသင်္ကြန်နဲ့ပတ်သတ်ပြီး ဘတ်ဂျက်ကိစ္စ ပွင့်လင်းမြင်သာမှုအားနည်းတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ခုရက်ပိုင်းအတွင်း ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရံပုံငွေမှ ချင်းတွင်းသင်္ကြန်ပွဲ ကုန်ကျစရိတ်ခန့်မှန်းချက်(မူကြမ်း)” ဆိုတဲ့ခေါင်းစဉ်နဲ့ စာရွက်တစ်ရွက်ပျံ့နှံ့နေပါတယ်။

ဒီစာရွက်အထဲမှာ ချင်းတွင်းသင်္ကြန်ပွဲတော်အတွက် အသုံးပြုမယ့်ခန့်မှန်းကုန်ကျစရိတ်ဟာ စုစုပေါင်း ကျပ်သိန်း ၂၆၅၀ ဖြစ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဒါနဲ့ပတ်သတ်လို့ ချင်းတွင်းသင်္ကြန်အတွက် ဘတ်ဂျက် သိန်း ၂၀၀၀ ကျော်လျာထားပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေတဲ့ ခန့်မှန်းချက်မူကြမ်းဆိုတဲ့စာရွက်ကတော့ တရားဝင်မဟုတ်ဘူး လို့ ပြောပါတယ်။

“အဲ့ဒါက ခန့်မှန်းကုန်ကျစရိတ်ဆိုတာ ကျွန်တော်တို့ ဘတ်ဂျက် ခန့်မှန်းပြောတာပါ။ အသေးစိတ် မဟုတ်သေးပါဘူးဗျာ။ ဒါတွေက တရားဝင်မထွက်သေးပါဘူး။ အားလုံးကိုကျွန်တော်တို့ ကော်မတီအရပ်ရပ်ဖွဲ့စည်းပြီးလုပ်တာ။ ဒါတွေက ဘယ်လိုပြောမလဲဆိုတော့ သူတို့ဘယ်လိုတင်ထားတဲ့စာရင်းလည်းမသိဘူး။ အဲဒီစာရွက်ကတည်းတရားဝင်ထွက်တဲ့စာရင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ လျာထားတာလည်းမဟုတ်လောက်ဘူး။ အခုမှစီမံခန့်ခွဲတုန်းရှိပါသေးတယ်။ ဒီစာရွက်ဘယ်လိုပုံစံနဲ့ထွက်ထားလည်းတော့မသိဘူး။ ဒါတွေက လျာထားချက်ပမာဏ လေးတွေကို အကြားနဲ့ရေးထားတဲ့သဘောပါ” လို့တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကဆိုပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့စာရွက်အထဲမှာတော့ လုပ်ငန်း ၁၅ မျိုးကိုဖော်ပြထားပြီး တစ်မျိုးချင်းစီအလိုက်ခန့်မှန်းကုန်ကျစရိတ်ကိုထည့်သွင်းထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက တိုင်းအစိုးရအနေနဲ့ ချင်းတွင်းသင်္ကြန်မှာအသုံးပြုမယ့် ဘတ်ဂျက်နဲ့ပတ်သတ်ပြီး တိုင်ပင်တာမရှိဘူးလို့ ပြောပါတယ်။

“အသိပေးတာလည်းမရှိဘူး။ ဘတ်ဂျက်ကိစ္စမှာလည်း ကျွန်တော်တို့ လွှတ်တော်ဘဏ္ဍာရေးကော်မတီမှာ တင်လာတဲ့နေရာမှာလည်း အသေးစိတ်ဘာမှမပါဘူး။ ဒီလိုပဲ တင်လာတာ။ တင်လာလိုက်တဲ့အခါကြတော့ ဖြတ်ပြန်ရင်လည်း ကျွန်တော်တို့ ဒါက အရင်နှစ်ကဘတ်ဂျက်ကိုး၊ အဲ့လိုတွေ အသေးစိတ်ကို ကျွန်တော်တို့ ဒေသန္တရစီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ကစာထွက်ပြီးတော့တောင်းတယ်။ ပြည်ထောင်စုကလည်း ကျွန်တော်တို့ကော်မတီကို ဒါကိုအသေးစိတ်ပေးဖို့ ဆိုပြီးစာထွက်တယ်။ ပြီးခဲ့တဲ့ ၁၃ကြိမ်မြောက် လွှတ်တော်တုန်းက အစီရင်ခံစာဖတ်တဲ့အခါမှာ ဒါကို ထည့်သွင်းပြီး တော့ အစီရင်ခံစာဖတ်တယ်။ အဲဒါကိုလည်း အခုထက်ထိမပေးသေးဘူး” လို့ ဦးထွန်းထွန်းဝင်း ကဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ပွင့်လင်းမြင်သာမှုအားနည်းတယ်လို့ သူကပြောပါတယ်။

ဦးထွန်းထွန်းဝင်းက “ကျွန်တော်သိရသလောက်ကတော့ ပွင့်လင်းမြင်သာမှုအားနည်းတယ်။ ဘာပဲပြောပြောကိုယ်စားလှယ်တွေလည်းချပြပေါ့။ အရပ်ဘက်အဖွဲ့အစည်းတွေလည်းချပြပေါ့။ အရင်နှစ်ကကုန်ကျစရိတ်နဲ့အခုကုန်ကျစရိတ်နဲ့ပေါ့ အရင်နှစ်ကလုပ်ပုံ ကိုင်ပုံနဲ့အခုလုပ်ပုံကိုင်ပုံပေါ့။ ကောင်းတဲ့အချက်အလက်တွေလည်းအများကြီးပါပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုအားနည်းတဲ့အခါကြတော့ ပြည်သူလူထုတွေကြားထဲမှာယုံမှားသံသယတွေ ဖြစ်တာပေါ့။ အထူးသဖြင့် ကျွန်တော်တို့ ဘဏ္ဍာရေးကော်မတီကတော့ တက်လာတဲ့ဘဏ္ဍာရေးကိစ္စတွေဆိုရင် စနစ်တကျသေချာစီစစ်တယ်။ စီစစ်တော့ ဒါတွေက အသေးစိတ်တွက်ချက်မှုတွေမပါခဲ့ဘူး။ဒီအတိုင်းတင်လိုက်တော့ အသေးစိတ်ကမသိရဘူးဖြစ်တာပေါ့” လို့ ဆိုပါတယ်။

ချင်းတွင်းသင်္ကြန်ဟာ အခုနှစ်မှာမှစတင်ကျင်းပမယ့် ပွဲတော်အခမ်းအနားဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမြို့တော် မုံရွာမှာကျင်းပမှာဖြစ်ပါတယ်။

“တစ်ကယ်လို့ အသေးစိတ်တင်လာရင် ဒါကဒီလောက်ကုန်သင့်လား ။ မကုန်သင့်ဘူးလားဆိုတာကို လွှတ်တော်မှာ ဝေဖန်လို့ရတာပေါ့။ အခုက ဒီအတိုင်းကြီးပဲတင်လာတော့ အခက်အခဲဖြစ်တာပေါ့။ ကျွန်တော်တို့ ဘဏ္ဍာရေးကော်မတီက စွာတယ် ဘာညာဖြစ်ကုန်တာပေါ့” လို့ ဘဏ္ဍာရေးကော်မတီဝင် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ကတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“လျာထားတာကတော့အစိုးရဘတ်ဂျက်အထဲက အခါကြီးရက်ကြီးမှာအသုံးပြုတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဘတ်ဂျက် ၂၀၀၀ ကျော်ဆိုတာကို မူတည်ပြီးလုပ်သွားမှာပါ။ အလှူရှင်တွေလည်းလာမှာပါ။ တစ်ကယ်တန်းလုပ်မယ်ဆိုရင် ဘယ်ကမှာလဲ။ တစ်ကယ်တန်းလုပ်မှာတွေကအများကြီးပဲ။ ဒီလိုစစ်ကိုင်းတိုင်းကြီးမှာလုပ်ရတဲ့ရည်ရွယ်ချက်ကိုက သင်္ကြန်ကိုအဓိကထားရည်ရွယ်တာမဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းကြီးကကျယ်ပြန့်တယ်။ ဒေသထွက်ကုန်ပေါတယ်။ သယံဇာတပေါတယ်။ ခရီးသွားလုပ်ငန်းတွေတိုးချဲ့လုပ်နေတဲ့အချိန်မှာ နိုင်ငံတကာရဲ့ ကျွန်တော်တို့စစ်ကိုင်းတိုင်းရဲ့အခြေအနေကို အသိပေးဖို့အတွက် အဓိကထားရည်ရွယ်တာပါ။ ဒါကို တစ်ချို့မလိုလားအပ်တဲ့အပိုင်းတွေက ဖွတာတို့ဘာတို့ ပေါ်မူတည်ပြီးဒါတွေဖြစ်နေတာပါ။ ကျွန်တော်တို့ကတော့ဒါကိုလုပ်သွားမှာပါ” လို့ ဦးမြင့်ကြည်ကပြောပါတယ်။

ပြီးခဲ့တဲ့ မကြာသေးခင်အချိန်ကလည်း ပွင့်လင်းမြင်သာမှုအားနည်းတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်ငွေအထဲက ၁၁ ဘီလီယံကို တိုင်းလွှတ်တော်ဘဏ္ဍာရေးကော်မတီက ဖြတ်တောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒီလိုဖြတ်တောက်လိုက်မှုနဲ့ပတ်သတ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟာ ပြည်ထောင်စုအဆင့်ကိုတိုင်တန်းခဲ့ကြောင်း၊ ဒီအတွက် တိုင်းလွှတ်တော် ဘဏ္ဍာရေးကော်မတီတာဝန်ရှိသူ ၂ ဦးဟာ ပြည်ထောင်စုအဆင့်မှာ သွားရောက်ရှင်းလင်းခဲ့ရသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကနေ သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*