လမ်းဖောက်လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးဖြစ်ခဲ့တဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြေရှင်းဖို့ တပ်မတော်နဲ့ KNU နှစ်ဖက်တပ်မှူးတွေ ကျောက်ကြီးမှာတွေ့မယ်

လမ်းဖောက်လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးဖြစ်ခဲ့တဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြေရှင်းဖို့ တပ်မတော်နဲ့ KNU နှစ်ဖက်တပ်မှူးတွေ ကျောက်ကြီးမှာတွေ့မယ်
March 22, 2018 Fame Asian

6:01 pm
လမ်းဖောက်လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးဖြစ်ခဲ့တဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြေရှင်းဖို့ တပ်မတော်နဲ့ KNU နှစ်ဖက်တပ်မှူးတွေ ကျောက်ကြီးမှာတွေ့မယ်

29510906_1732705516773406_330074159457501184_n (1)

ရန်ကုန်၊ မတ် ၂၂

ထိတွေ့ပစ်ခတ်မှု ၁၀ကြိမ်အထက်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့KNU နဲ့ကြားကကိစ္စအတွက် လာမယ့် မတ်၂၉(သို့)၃၀ ရက်နေ့ ကရင်ပြည်နယ် ကျောက်ကြီးမှာ နှစ်ဘက်တပ်မှူးတွေ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့ NRPC မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီတွေ့ဆုံမှုမှာ KNU ဘက်က တပ်မဟာ ၅ တပ်မှူးအပါအ၀င် တပ်ခေါင်းဆောင်တွေ၊ အစိုးရတပ်မတော်ဘက်က တိုင်းမှူး၊ တပ်ခေါင်းဆောင်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုတစ်ခေါက်ကျင်းပတဲ့ ၁၅ကြိမ်မြောက် JMC အစည်းအဝေး ၂ ရက်တာကျင်းပပြီးကာလအတွင်းမှာ သဘောတူညီချက် ၆ ချက်ကိုရရှိခဲ့ပြီး ဒီအထဲမှာ KNUနဲ့တပ်မတော်ကြား ဖာပွန်မှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး သဘောတူညီဆုံးဖြတ်ချက် ၂ ချက်ပါဝင်ခဲ့ပါတယ်။

ဒါတွေကတော့ ဖာပွန်ဖြစ်စဉ်နဲ့ပတ်သတ်ပြီး JMC အဆင့်ဆင့်ကနေ အရပ်သားကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ သူတို့ကို ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းဖို့ နဲ့အဲဒီအဖွဲ့အနေနဲ့ KNUနဲ့ တပ်မတော်ကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ကာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်သွားဖို့ ၊ ဖာပွန်ဖြစ်စဉ်နဲ့ပတ်သတ်ပြီး တပ်မတော်နဲ့ KNU/KNLA ခေါင်းဆောင်တွေ မတ် ၂၉(သို့)၃၀ ရက်နေ့ ကျောက်ကြီးမှာတွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့အချက်တွေဖြစ်တယ်လို့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ၀ဏ္ဏအောင် ကပြောပါတယ်။

ပြီးခဲ့တဲ့ ၃၊၄ ရက်အတွင်းမှာပဲ JMC ဘက်ကနေတာဝန်ရှိသူ ၂ ဦးကို KNU တပ်မဟာ ၅ မှူးနဲ့ သွားရောက်တွေ့ဆုံခိုင်းခဲ့ကြောင်းလည်း JMC အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးရ် က ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သတ်ပြီးအစိုးရတပ်ဘက်ကလည်းသူဘာဖြစ်လို့ ၊ အားလုံးသိတဲ့အတိုင်းပဲ လမ်းဖောက်လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးဖြစ်တာဆိုတော့ ဒီအစိုးရစစ်တပ်ဘက်ကလည်း ဘာဖြစ်လို့ ဒီလမ်းဖောက်ရတယ်ဆိုတာကို သူ့မှာလည်း ဒီငြိမ်းချမ်းရေးပျက်စေချင်လို့ ထိုးစစ်ဆင်ဖို့အတွက်မဟုတ်ဘူးဆိုတာကို အသေအချာရှင်းလင်းပါတယ်။ ဟိုဘက်ကလည်း ဒီဟာတွေကဖြင့် ထိုးစစ်ဆင်ဖို့ပြင်တယ် သူ့ရဲ့အထင်အမြင်နဲ့ပြန်ပြောတာတွေရှိတာပေါ့။ ဒီကိစ္စတွေ အကုန်လုံးကို ၂ ဘက်တပ်မှူးတွေ အချင်းချင်းတွေ့ကြပြီး တော့ ရှင်းလင်းမှပဲ ဒါကပြေလည်နိုင်မယ်လို့ ယူဆတဲ့အပေါ်မှာ ၂ ဘက်တပ်မှူးများတွေ့ဆုံနိုင်တဲ့ အခင်းအကျင်းကိုကြိုးစားကြည့်တော့ ဒီနေ့ ၂ ဘက်စလုံးကနေ လာမယ့် ၂၉/၃၀ မှာတွေ့ကြဖို့ပေါ့နော်။ KNU ဘက်ကလည်းဗဟိုအဆင့် တပ်မဟာ ၅ ခေါင်းဆောင်တွေပါဝင်မယ် တပ်မတော်ဘက်ကလည်းအကြီးအကဲတွေပါဝင်ဆွေးနွေးရှင်းလင်းကြမယ်လို့ သဘောတူညီမှုရရှိခဲ့ပါတယ်”လို့ ၎င်းကပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လယ်မူပလောနဲ့ ခေးပူကြားကို တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုနဲ့ပတ်သတ်ပြီး KNU နဲ့တပ်မတော်ကြား မတ် ၁၅ ရက်နေ့ကစပြီး ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။

လယ်မူပလောနဲ့ ခေးပူမှာရှိတဲ့ တပ်မတော်စခန်းတွေအတွက် ရိက္ခာပို့ဖို့ လမ်းဖောက်လုပ်ရတာဖြစ်တယ်လို့ တပ်မတော်ဘက်ကဆိုထားပြီး KNU ဘက်ကတော့ ဒါဟာ ထိုးစစ်ဆင်ဖို့ပြင်ဆင်တာဖြစ်တယ်လို့ အသီးသီးပြောဆိုထားကြပါတယ်။

အခင်းဖြစ်နေစဉ်ကာလအတွင်း ထိတွေ့ပစ်ခတ်မှု ၁၂ကြိမ်ရှိခဲ့တယ်လို့ KNU က ဆိုပြီး ဒေသခံ ၂၀၀၀ ကျော်စစ်ဘေးရှောင်ဒုက္ခသည်ဖြစ်ခဲ့ရတယ်လို့ ၂ ဘက် တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

KNU ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*