သီပေါနဲ့ လားရှိုး မှာ ဒီကနေ့ စစ်ရှောင် တွေ ထပ်တိုးပြန်

သီပေါနဲ့ လားရှိုး မှာ ဒီကနေ့ စစ်ရှောင် တွေ ထပ်တိုးပြန်
March 21, 2018 AsianFame MediaGroup

5:21 pm
သီပေါနဲ့ လားရှိုး မှာ ဒီကနေ့ စစ်ရှောင် တွေ ထပ်တိုးပြန်
29510887_1731605523550072_8867942988936904704_n

နယ်စည်းမခြားပရဟိတ(သီပေါ)Shar Htat Paing

လားရှိုး၊ မတ် ၂၁

ဒီကနေ့မှာပဲ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု မန်လွယ်ရွာက ဒေသခံတွေဟာ ဘော်ကြိုဘုရားကို ထွက်ပြေးတိမ်းရှောင်လာကြပြီး နမ္မတူမြို့နယ် မန်စံကျေးရွာနားက လုပ်လေရွာဒေသခံတွေဟာ လားရှိုးမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

မန်လွယ်ရွာကထွက်လာတဲ့ စစ်ရှောင် ၁၀၀ လောက်အခု ဘော်ကြိုဘုရားကိုရောက်နေပြီး ထပ်မံရောက်လာဦးမယ့် သူတွေလည်းရှိသေးကြောင်း ၊ စစ်ရှောင်ဦးရေအတိအကျကိုတော့ ညနေပိုင်းစာရင်းကောက်ချိန်မှသာသိနိုင်မယ်လို့ စစ်ရှောင်တွေကို သွားရောက်ကူညီနေတဲ့ နယ်စည်းမခြားပရဟိတအသင်း(သီပေါ) ရဲ့တာဝန်ရှိသူ ကိုမျိုးက ပြောပါတယ်။

“ရွာမှာကဘာမှတော့မဖြစ်သေးဘူး။ တိမ်းရှောင်လာတဲ့သဘောပဲ။ ၁၀၀လောက်တော့ ရောက်ပြီ။ နောက်ထပ်တစ်သုတ်ထပ်လာနေပြီ။ ကျွန်တော်တို့ အခုနောက်တစ်ခေါက်တက်ပြီးသွားခေါ်မှာပါ” လို့သူကဆိုပါတယ်။

လက်ရှိမှာ မန်လွယ်ရွာစစ်ရှောင်တွေကို ဘော်ကြိုဘုရားနားနေဆောင်မှာ နေရာချထားပေးပြီး လောလောဆယ် သူတို့အတွက် စားသောက်စရာလိုအပ်နေတယ်လို့သိရပါတယ်။

အလားတူ နမ္မတူမြို့နယ် လုပ်လေရွာစစ်ရှောင်ဒေသခံ ၅၀ ကျော်လောက်ဟာ လားရှိုးမြို့ကို ဒီကနေ့မနက်ပိုင်းကရောက်ရှိလာပြီး လားရှိုးမြို့ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတိုက်မှာ နေထိုင်နေကြပါတယ်။

သူတို့ဟာ မနေ့က နမ္မတူမြို့နယ် မန်စံရွာခွင်အထဲမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် လားရှိုးမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

အဆိုပါဒေသမှာ တပ်မတော် ၊ TNLA ၊ RCSS တို့ ၃ ဖွဲ့စလုံးနယ်မြေလှုပ်ရှားနေတာကြောင့် ဘယ်အဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားတယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး။

ဒါပေမဲ့ တိုက်ပွဲဖြစ်စဉ်မှာ ကာင်းကင်က ရဟက်ယာဉ်နဲ့လာပစ်တာကိုတော့တွေ့လိုက်ရသေးတယ်လို့ ဒေသသတင်းတွေနဲ့ ဒေသခံတွေကဆိုကြပါတယ်။

အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူခွင်အထဲမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တွေ တိုးလာနေတာဖြစ်ပါတယ်။

လက်ရှိ လားရှိုးမြို့ပေါ်မှာ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်း၊ ရပ်ကွက်၉ နယ်မြေ ခရိယာန်ချက်ကျောင်း၊ လားရှိုးမြို့အထွက်နားက အီနိုင်းရွာဘုန်းကြီးကျောင်း၊ လားရှိုးမြို့နဲ့၁၉ မိုင်လောက်အကွာမှာရှိတဲ့ လွယ်တောက်ကျေးရွာဘုန်ကြီးကျောင်း တို့မှာစစ်ရှောင်တွေနေထိုင်နေကြတယ်လို့ သူတို့ကိုကူညီနေတဲ့ ရင်ငြိမ်းအေးပရဟိတအသင်းတာဝန်ရှိသူ ဦးကျော်မင်းထွန်း ကပြောပါတယ်။

ရှမ်းမြောက်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ရှောင်တွေ ထပ်တိုးတိုးပြီးရောက်လာနေပါသေးတယ်။

အလားတူ တိုက်ပွဲထဲပိတ်မိနေပြီး မထွက်နိုင်သေးတဲ့ ရွာတွေလည်းရှိနေပါသေးတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*