လားရှိုးမြို့မှာ ဓါးသမားတွေသောင်းကျန်းပြန်

လားရှိုးမြို့မှာ ဓါးသမားတွေသောင်းကျန်းပြန်
March 15, 2018 AsianFame MediaGroup

11:15 am
လားရှိုးမြို့မှာ ဓါးသမားတွေသောင်းကျန်းပြန်

29244008_1724521520925139_7012367205526405120_n

လားရှိုး၊ မတ် ၁၅

ယမန်နေ့ညက လားရှိုးမြို့ပေါ်မှာ အုပ်စုဖွဲ့ ဓားခုတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ကျူးလွန်သူလို့ယူဆရတဲ့တစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ လားရှိုးရဲတပ်ဖွဲ့ကပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ ညနေပိုင်း က လားရှိုးမြို့ ညောင်ပင်ကွေ့လို့ခေါ်တဲ့နေရာမှာ လူငယ်နှစ်ဦးကို အမည်မသိလူတစ်စုက အုပ်စုဖွဲ့ပြီးဓားနဲ့ဝိုင်းခုတ်လို့ အခုလားရှိုးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

လားရှိုးမြို့မရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးကျော်နိုင်ကတော့ ၅ယောက်အုပ်စု ဖြစ်တယ်လို့ ပြောပါတယ်။

“ဘာကြောင့်ဖြစ်တယ်ဆိုတာ၊ ရန်ငြိုးလား၊ ဒီအတိုင်းလား ဆိုတာ စစ်ဆေးနေတုန်းပါပဲ။ ဖမ်းထားတာတစ်ယောက်ရှိတယ်။ သူကလည်း အဲဒီအဖွဲ့အထဲက နောက်တစ်ယောက်ကိုပဲသိတယ်။ ကျန်တဲ့သူတွေကို မသိဘူး” လို့ ဒုရဲမှူး ကျော်နိုင်က ဆိုပါတယ်။

လားရှိုးမြို့မှာ အုပ်စုဖွဲ့ ဓားကိုင်သောင်းကျန်းပြီး ဆိုင်ကယ်တွေကိုတား၊ လမ်းသွားလမ်းလာတွေကို ဓားနဲ့ခုတ်နှောက်ယှက်တဲ့ကိစ္စမျိုးဟာ လားရှိုးမြို့မှာ အခုတလော မကြာခဏကြားနေရတဲ့ သတင်းတစ်ခုဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၁၂ ရက်နေ့ကလည်း လားရှိုးမြို့ မုခ်ဦးအနားမှာ လူတစ်စုက ဆိုင်ကယ်တစ်စီးကိုတားပြီးဓားနဲ့ခုတ်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဒါပေမဲ့ အခင်းဖြစ်တယ်လို့ သိရတဲ့နေ့မှာပဲ ပေါ်ပြူလာနယူးစ်က လားရှိုးရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စခန်းရဲ့ ဖုန်းကိုလာရောက်ဖြေဆိုသူ ရဲတပ်ဖွဲ့ဝင်က မသိကြောင်း ဆိုပါတယ်။

အုပ်စုဖွဲ့ ဓားကိုင်သောင်းကျန်းမှုမှာ လူ ၈ ဦးပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သတ်လို့ ဒုရဲမှူးကျော်နိုင်က ၈ ယောက်ပါတဲ့အုပ်စုဆိုတာ ကောလဟာလသာဖြစ်တယ်လို့ ပြောပါတယ်။

လားရှိုးမြို့ဒေသခံတစ်ဦးဖြစ်ပြီး လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ ရဲ့တာဝန်ရှိသူတစ်ဦးလည်းဖြစ်တဲ့ ကိုထွန်းမြင့်က “တစ်နေ့ကလည်းဖြစ်တယ်။ အဲဒီနေ့ကဖြစ်တာတော့ ဆိုင်ကယ်နဲ့ဆိုတော့ ဘယ်နှစ်ယောက်ပါလဲ မပြောတက်ဘူး။ မနေ့ကဖြစ်တဲ့ ကိစ္စကတော့ ၅ ဦးပါတယ်လို့သိရတယ်။ ဟိုးအရင်တုန်းကလည်း အခုလိုပဲ အုပ်စုဖွဲ့ဓားကိုင်သောင်းကျန်းတာတွေဖြစ်ဖူးတယ်။ နောက်ပိုင်းဖမ်းဆီးလိုက်တော့ ပျောက်သွားပြီး အခုပြန်ပေါ်လာတာပဲ” လို့ ပြောပါတယ်။

အခုလို ဓားခုတ်မှုဖြစ်စဉ်ကြောင့် ဒေသခံတွေ အနေနဲ့ ဘယ်သွားသွားစိုးရိမ်နေရတယ်လို့လည်း သူကဆိုပါတယ်။

“ဆေးချပြီးလည်းဖြစ်ချင်ဖြစ်မယ်။ ဗလိုင်းကြီးလည်းဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ စိုးရိမ်ကြတာပေါ့ဗျာ။ ညပိုင်းဆိုလည်း သွားတာလာတာကအစ၊ ဆိုင်ကယ်စီးလည်း နောက်ကလိုက်ခုတ်ရင်မသိနိုင်ဘူးလေ။ စိုးရိမ်တာပေါ့ဗျာ။ ပြီးတော့ ဘယ်နေရာမှာဖြစ်မယ်ဆိုတာလည်းကြိုတင်မသိနိုင်ဘူးဆိုတော့” လို့ ကိုထွန်းနိုင်က ထပ်လောင်းဆိုပါတယ်။

အခုဖြစ်နေတဲ့ဓားခုတ်ခံရမှုဖြစ်စဉ်တွေမှာ ပစ္စည်းလုယက်တာတစ်စုံတစ်ခု မရှိဘဲ အကြောင်းမဲ့ဓားနဲ့ခုတ်တာတွေသာဖြစ်တယ်လို့သိရပါတယ်။

အထက်ပါဖြစ်စဉ်တွေကြောင့် လားရှိုးမြို့နဲ့ပတ်သတ်တဲ့ လူမှုကွန်ရက်တွေစာမျက်နှာတွေမှာ ဒေသခံတွေအချင်းချင်းကတော့ လားရှိုးမြို့ထဲမှာသွားလာရင် သတိထားသွားလာကြဖို့ အချင်းချင်းဆော်သြနေကြပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*