နားဆိုင်းရွာ တိုက်ပွဲကြောင့် နမ္မတူ-လားရှိုး ခရီးသည်တင်ယာဉ်အချို့ သီပေါဘက်မှ ရှောင်ကွင်းသွားလာ

နားဆိုင်းရွာ တိုက်ပွဲကြောင့် နမ္မတူ-လားရှိုး ခရီးသည်တင်ယာဉ်အချို့ သီပေါဘက်မှ ရှောင်ကွင်းသွားလာ
March 13, 2018 Fame Asian

5:16 pm
နားဆိုင်းရွာ တိုက်ပွဲကြောင့် နမ္မတူ-လားရှိုး ခရီးသည်တင်ယာဉ်အချို့ သီပေါဘက်မှ ရှောင်ကွင်းသွားလာ

29136745_1722377754472849_209741669883445248_n

နမ္မတူ၊ မတ် ၁၃

မတ်၁၂ ရက်နေ့က နမ္မတူ-လားရှိုး ကြား နားဆိုင်းကျေးရွာ အနားမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် လုံခြုံရေးအခြေအနေအရ နမ္မတူ-လားရှိုးပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်အချို့ သီပေါဘက်ကနေ ပတ်သွားကြတယ်လို့ မော်တော်ယာဉ်လိုင်းတွေထံကနေသိရပါတယ်။

နမ္မတူ – လားရှိုး ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေအထဲကတစ်ခုဖြစ်တဲ့ ရွှေနမ္မတူယာဉ်လိုင်းကတော့ ဒီနေ့ ခရီးစဉ်တွေအားလုံးကို ရပ်နားခဲ့ပါတယ်။

“မနက်ဖြန်တော့ ကားတွေပြန်ထွက်ပါမယ်။ အခြေအနေကောင်းပါတယ်။ ဒီနေ့ကလည်းတစ်ခြားလိုင်းတွေအားလုံးထွက်ကြပါတယ် ။ ကျွန်တော်တို့တစ်လိုင်းပဲနားတာ။ ပြေးကြပေမယ့် တစ်ချို့ကားတွေက သီပေါဘက်ကနေပတ်ပြီးသွားကြတယ်” လို့ ရွှေနမ္မတူယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သီပေါဘက်ကနေ ပတ်သွားတယ်ဆိုရင်တော့ နမ္မတူ ကနေ လားရှိုးကိုရောက်ဖို့ မိုင် ၇၀ လောက်ပိုမောင်းရတယ်လို့ အဆိုပါ ယာဉ်လိုင်းတာဝန်ရှိသူကဆိုပါတယ်။

နမ္မတူ-လားရှိုးပြေးဆွဲနေတဲ့ ငွေရတနာမန်း ယာဉ်လိုင်းရဲ့တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ကားတွေတော့ အားလုံးထွက်တယ်။ တစ်ချို့ကားကတော့ သီပေါဘက်ကပတ်တယ်။ ဒါပေမဲ့မူလလမ်းအတိုင်းလာတဲ့ကားလည်းရှိပါတယ်။ အားလုံးရောက်လာကြပါပြီ” လို့ ပြောပါတယ်။

လက်ရှိကြားထားတဲ့သတင်းတွေအရတော့ နားဆိုင်းရွာမှာ တိုက်ပွဲမဖြစ်ပွားတော့ဘူးလို့သိရကြောင်း ရွှေနမ္မတူယာဉ်လိုင်းကဆိုပါတယ်။

နားဆိုင်းကျေးရွာအနား တစ်မိုင်လောက်အကွာမှာ ယမန်နေ့ နေ့လည်က TNLA နဲ့ RCSS ကြားတိုက်ပွဲဖြစ်ပွားလို့ နားဆိုင်းရွာသား ၃၀၀ကျော်လောက်ဟာ နားဆိုင်းကနေ ၁၀ မိုင်လောက်ဝေးတဲ့ မန်စံရွာ ကို့  စစ်ဘေးရှောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက်မှာပဲ နားဆိုင်းရွာကို ပြန်လာကြပြီလို့ ထွက်ပြေးခဲ့တဲ့ နားဆိုင်းရွာယခင်အုပ်ချုပ်ရေးမှူး ဟောင်း ဦးမြင့်လှိုင်က ဆိုပါတယ်။

“တပ်မတော်စစ်ကြောင်းရောက်နေပြီ။ ရွာနားမှာတိုက်ပွဲ မဖြစ်တော့ဘူး။ နားဆိုင်းနဲ့ ဝေးတဲ့နေရာမှာတော့ ပစ်ခတ်သေးတယ်ထင်တယ်။ အသံကြားတယ်” လို့ သူကဆိုပါတယ်။

နားဆိုင်းရွာသားအချို့ နေရပ်ပြန်ခဲ့ပေမယ့်အချို့ကတော့ မပြန်လာသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကာလတွေတုန်းကလည်း လားရှိုး-နမ္မတူကြားထဲက အဆိုပါဒေသတစ်ကြောမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပြီး အခုလိုပဲ ယာဉ်လိုင်းအချို့ရပ်နားတာ၊ ယာဉ်တွေရှောင်ရှားသွားလာခဲ့ရတာမျိုးတွေဖြစ်ခဲ့ဖူးပါသေးတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*