မြစ်ကြီးနား-ပူတာအို လမ်းပိုင်းက ဖျက်ဆီးခံထားရတဲ့တံတားတွေပြင်ဆင်ပြီးစီးမှု

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းက ဖျက်ဆီးခံထားရတဲ့တံတားတွေပြင်ဆင်ပြီးစီးမှု
March 12, 2018 Fame Asian

3:35 pm
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းက ဖျက်ဆီးခံထားရတဲ့တံတားတွေပြင်ဆင်ပြီးစီးမှု

29067336_1721114081265883_5068307493726191616_n

ပူတာအို၊ မတ် ၁၂

တစ်လကျော်ကြာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက တံတားတွေ ပြင်ဆင်ပြီးစီးမှုအခြေအနေနဲ့ အခုလ ၆ ရက်နေ့မှာ ကုန်တင်ကားတွေပြန်လည်သွားလာနိုင်ပြီဆိုတဲ့အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ အရှည် ၂၃၅ ပေရှိ တံတားအမှတ်(၆/၁၄၈) ဖုန်အင်တံတား ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၁)က ပျက်စီးသွားတဲ့ H-20 သံဘောင်တွေကို အားဖြည့် ဝရိန်ဆော်ခြင်း၊ ကြမ်းခင်းဘီးလမ်းတွေ အသစ်လဲလှယ်ခြင်း တို့ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် လက်ရှိမှာ (၁၅)တန်အောက် ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးတွေအတွက်တော့ ယာယီလမ်းလွှဲ ဆောင်ရွက်ပေးထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇန်န၀ါရီ ၂၇ ရက်နေ့က ဖျက်ဆီးခံခဲ့ရတဲ့ အရှည် ၁၆၅ ပေရှိ တံတားအမှတ်(၆/၁၁၁) ဆီနင်ခတံတား ကိုလတ်တလောမှာ မော်တော်ယာဉ်တွေ သွားလာနိုင်ဖို့အတွက် ရွှံ့ဗွက်နေရာတွေမှာ သဲကျောက်တွေ ချခင်းထားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းအထူးအဖွဲ့(၁)က လမ်းလွှဲ ဖောက်လုပ်ပေးထားတယ်လို့ ဆိုပါတယ်။

အဲဒီ ဇန်န၀ါရီ ၂၇ ရက်နေ့ကပဲ ထပ်ပြီး ဖျက်ဆီးခံခဲ့ရတဲ့ အရှည်ပေ ၄၀ ရှိ တံတားအမှတ်(၁၀/၈၄) ကဝါးပန်တံတား ကို လက်ရှိမှာ မော်တော်ယာဉ်တွေ သွားလာနိုင်စေဖို့ လမ်းအထူးအဖွဲ့(၂)က ယာယီလမ်းလွှဲပြုလုပ်ပေးထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်လောင်းဆိုထားပါတယ်။

ဒါ့အပြင် မြေဖြတ်ကျင်းအဖြစ် မြေသားတုးထုတ်ထားတဲ့ မိုင်တိုင် (၈၁/၃ ကနေ ၈၂/၀)ကြား ကဝါးပန်ရွာ အနီးနားက နေရာ ၁ ခု၊ မိုင်တိုင် (၉၀/၀ ကနေ ၉၀/၆)ကြား ထိန်ပိုင်ရွာဟောင်း အနီးက နေရာ ၁ ခုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းအထူးအဖွဲ့(၂)က ပြုပြင်ပြီးဖြစ်လို့ လက်ရှိမှာ မော်တော်ယာဉ်တွေ သွားလာနိုင်ပြီ ဖြစ်ကြောင်း ၊ အရှည်ပေ ၅၀ ရှိတဲ့ တံတားအမှတ်(၁/၈၈) နန့်ခမ်းခတံတား ကိုလည်း မော်တော်ယာဉ်တွေ သွားလာနိုင်ဖို့ လမ်းအထူးအဖွဲ့(၂)က ကြမ်းခင်းနဲ့ ဘီးလမ်းတို့ လဲလှယ်ပြင်ဆင်ပြီးကြောင်း၊ အရှည်ပေ ၆၀ ရှိ တံတားအမှတ်(၂/၁၁၀) ဇနန်တံတား ကိုလည်း တံတားအထူးအဖွဲ့(၁)က ကြမ်းခင်းတွေ ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် တစ်လကျော်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ် – ပူတာအိုလမ်းဟာ မတ်လ ၆ ရက်နေ့မှာ မော်တော်ယာဉ်တွေ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

လမ်းပိုင်းတွေပြန်ပွင့်သွားပြီဆိုပေမယ့် ပူတာအိုကိုတော့ ကုန်တင်ကားတွေရောက်လာခြင်းမရှိသေးဘဲ ဓာတ်ဆီဈေးနှုန်းဟာ တစ်ပုလင်းကို ၈၀၀၀ ကျပ်၊ တစ်ဂါလံကို ၄၈၀၀၀ ကျပ်နဲ့ဈေးနှုန်းကြီးမြင့်နေဆဲဖြစ်တယ်လို့ ပူတာအိုနေ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်ခမ်းက ဆိုထားပါတယ်။

လက်ရှိမှာလည်း ဆီကားတွေမရောက်လာခင်မှာ တစ်ပီပါကို ၁၃ သိန်းနဲ့ ရောက်ချဖို့လာရောက်ဈေးစပ် မှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တစ်ခုအတွင်းက ကချင်ပြည်နယ်အစိုးရကနေ ပူတာအိုကို ဆန်၊ စားသုံးဆီအပါအ၀င် ရိက္ခာပစ္စည်းတွေထောက်ပံ့ခဲ့ပေမယ့် စက်သုံးဓာတ်ဆီတော့မပါဝင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆွမ်ပရာဘွမ်ကို ဒီဇယ် ကုန်တင်ကား ၅စီးရောက်ခဲ့ပေမယ့် လမ်းပြင်နေတဲ့ အဖွဲ့တွေ အသုံးပြုဖို့ဖြစ်နိုင်တယ်လို့ ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးက ဆိုပါတယ်။

ပူတာအိုဒေသမှာ တပ်မတော်နဲ့ KIA ကြားတိုက်ပွဲတွေ ပြန်လည်ဖြစ်လာပြီးနောက်ပိုင်း စစ်ရေးလိုအပ်ချက်အရဆိုပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာရှိတဲ့ တံတားအချို့ကို KIA က ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ပူတာအိုမှာ ကုန်ဈေးနှုန်းနဲ့ ဆီဈေးနှုန်းတွေတက်သွားတာ ဒီကနေ့အထိပဲဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*