ရန်ကုန်တိုင်း အစိုးရမှ ရောင်းချမယ့် အိမ်ယာတွေကို ၀ယ်ယူဖို့ သက်ဆိုင်ရာ မြို့ နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ပြည်သူတွေကို တောင်းခိုင်းတာဟာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်ချလိုက်တာဖြစ်တယ်လို့ ဦးကျော်ဇေယျဝေဖန်

ရန်ကုန်တိုင်း အစိုးရမှ ရောင်းချမယ့် အိမ်ယာတွေကို ၀ယ်ယူဖို့ သက်ဆိုင်ရာ မြို့ နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ပြည်သူတွေကို တောင်းခိုင်းတာဟာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်ချလိုက်တာဖြစ်တယ်လို့ ဦးကျော်ဇေယျဝေဖန်
February 28, 2018 Asian Fame

3:51 pm
ရန်ကုန်တိုင်း အစိုးရမှ ရောင်းချမယ့် အိမ်ယာတွေကို ၀ယ်ယူဖို့ သက်ဆိုင်ရာ မြို့ နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ပြည်သူတွေကို တောင်းခိုင်းတာဟာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်ချလိုက်တာဖြစ်တယ်လို့ ဦးကျော်ဇေယျဝေဖန်

1-1(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ရောင်းချမယ့် အိမ်ယာတွေကို ၀ယ်ယူဖို့ သက်ဆိုင်ရာမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ပြည်သူတွေကိုတောင်းခိုင်းတာဟာ မလုပ်သင့်တဲ့အလုပ်ကို လုပ်ချလိုက်တာဖြစ်တယ်လို့ ဒဂုံမြို့နယ်မှတိုင်းဒေသကြီိးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဒီကနေ့  လွှတ်တော်အပြီးမှာ သတင်းထောက်တွေကိုပြောပါတယ်။ ထောက်ခံချက် လက်မှတ်လာထိုးခိုင်းတဲ့ မြို့ နယ်အတွင်းမှ ပြည်သူများကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံပေးလိုက်ဖို့ ဆိုတာဟာ ဆုပ်လည်းစူး စားလည်းရူးဆိုသလိုဖြစ်နေတယ်လို့ လည်းသူကဆိုပါတယ်။

”ကျွန်တော်တို့ က မဲဆန္ဒရှင်ပြည်သူတွေရဲ့ထောက်ခံချက်နဲ့ ကိုယ်စားလှယ်ဖြစ်လာတာ။ ကိုယ့်ဆီအဲဒီမဲဆန္ဒရှင်ပြည်သူက ထောက်ခံချက်လာတောင်းတော့ ကိုယ်စားလှယ်ဘက်က စဉ်းစားကြည့်ဘယ်လိုလုပ်ရမလဲ။ ထောက်ခံချက်မပေးဘူးဆိုရင်ဘယ်လိုဖြစ်သွားမလဲ။ ဒါတွေကတော့ မေးခွန်းတွေ သို့ လောသို့ လောတွေကအများကြီးပေါ့ ။ အဲဒီတော့ ကျွန်တော်တို့က ဒီထောာက်ခံစာလာလို့ ရှိရင် ဆုပ်လည်းစူး စားလည်းရူး ။ မထောက်ခံလို့ ရှိရင်လည်း ပြည်သူက ကိုယ်စားလှယ်ကိုရွံသွားဦးမယ်လေ။ ကျွန်တော်ပြောချင်တဲ့အနှစ်သာရကတော့ အစိုးရနဲ့ လွှတ်တော်၊ လွှတ်တော်နဲ့ အစိုးရ။ မလုပ်သင့်သောအလုပ်ကို လုပ်ချလိုက်တာပဲလို့ ကျွန်တော်ရဲရဲဝံ့ဝံ့ပြောချင်ပါတယ်” လို့ ဦးကျော်ဇေယျကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အိမ်ယာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီမှ ရောင်းချသွားမယ့် အိမ်ယာများကို ၀ယ်ယူုလိုတဲ့ပြည်သူများကို အိမ်(သို့ မဟုတ်)မြေပိုင်ဆိုင်မှုမရှိကြောင်း လက်ရှိနေထိုင်နေတဲ့ ရပ်ကွက်၊မြို့ နယ်များမှ အုပ်ချုပ်ရေးမှူးများရဲ့ထောက်ခံချက်၊ သက်ဆိုင်ရာမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ထောက်ခံချက်တို့ ပါဝင်ရမှာဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်မပါတဲ့ ၀ယ်ယူခွင့်လျှောက်လွှာများကို လက်ခံမှာမဟုတ်ဘူးလို့ တိုင်းအစိုးရအဖွဲ့ မှဆုံးဖြတ်ထားတာကြောင့် ထောက်ခံချက်ပေးဖို့ ကို ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌကပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီထုတ်ပြန်ချက်မထွက်ခင်ကတည်းက လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်ပါရမယ်ဆိုတာကြောင့် ထောက်ခံချက်လာတောင်းတဲ့လျှောက်လွှာတွေ အများအပြားရှိနေခဲ့တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှသိရပါတယ်။

”ထောက်ခံပေးရမယ်လို့ မသိခင်ကတည်းကကို လျောက်လွှာတွေလာတင်လို့ ခက်နေတာ။ ၂၆ ရက်နေ့ က လွှတ်တော်ဥက္ကဌက ဒါကိုတရားဝင် ရပ်ကွက်ကျေးရွာက ထောက်ခံရမယ် မြို့ နယ်မှူးထောက်ခံရမယ် ကိုယ်စားလှယ်ထောက်ခံရမယ်ဆိုတာတော့ရပြီးပြီ။ အဲဒါမသိခင်၊ အဲဒီအမိန့် ညွှန်ကြားချက်မထွက်ခင်ကတည်းက ထောက်ခံဖို့ အတွက် ကျွန်တော်ဒဂုံမြို့ နယ်ကတော့ လျှောက်လွှာတွေပလူပျံအောင်ရောက်နေတာပေါ့” လို့ ဦးကျော်ဇေယျကဆိုပါတယ်။

အဲဒီလို မြို့ နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံချက်ပေးရမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ”ထောက်ခံစာပေးရတဲ့အလုပ်က ကျွန်မတို့တာဝန်လား။ လွှတ်တော် ကိုတရားဝင် ဒီကိစ္စအတွက် ဒီလိုလေးစီစဉ်ထားတယ်လို့လည်း အကြောင်းကြားထားတာမရှိ။ကိုယ့်မြို့နယ်ထဲမှာနေလို့ ထော့က်ခံပေးရအောင် လာလျှောက်တဲ့လူတွေ အကုန်လုံးကိုလည်းမသိနိုင်။ သိရင်တောင် သူတို့မှာ တကယ်အိမ်ပိုင်ဆိုင်မှုရှိမရှိ ကျမတို့က လိုက်စုံစမ်းရမှာလား။ အဲ့လိုလိုက်စုံစမ်းရမယ့် အလုပ်က ကျွန်မတို့ရဲ့တာဝန်မဟုတ်ဘူးလို့ယူဆပါတယ်။ထောက်ခံစာ ပေးရတဲ့အလုပ်ကလွယ်ကူတဲ့ကိစ္စမဟုတ်သလို တာဝန်ယူမှု တာဝန်ခံမှုလည်းရှိရမယ့်အလုပ်ပါ။ စာကြီးက အဲ့လိုကြီးပါနေတော့ ကိုယ်စားလှယ်ဆီရောက်လာတဲ့ပြည်သူကို ထောက်ခံစာရေးမပေးဘူးဆိုလည်း ပြည်သူက အမျက်တော်ရှအုံးမယ်။မရိုးသားတဲ့လူကို မှားယွင်းထောက်ခံပေးမိရင်လည်း ပြသနာကကိုယ့်ခေါင်းပေါ်လာအုံးမယ်။ပဲလှော်ကြားဆားညှပ်မှာလား” လို့ ကျောက်တံတားမြို့ နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

”လုပ်ထုံးလုပ်နည်းအရဆိုရင် အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောလို့ မရဘူး။ အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေကို ခိုင်းလို့ ညွှန်ကြားလို့ မရဘူး။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ညွှန်ကြားရမှာက လွှတ်တော်ဥက္ကဌကြီးရဲ့တာဝန်ပဲဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ခံမှ ရောင်းပေးမယ်ဆိုတဲသတင်းက အပြင်မှာအရင်ဆုံးထွက်လာတယ်။ ကျွန်တော်တို့ က ဘာမှမသိရဘူးပေါ့နော်။ အဲဒီဟာကို သေသေချာချာအသေးစိတ်မသိရတော့ လွှတ်တော်ဥက္ကဌကြီးကိုပြန်မေးရတယ်။ ထွက်လာတဲ့သတင်းနောက်ပိုင်းကျတော့မှ ဘယ်လိုဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့အစီိအစဉ်လေးတစ်ခုထွက်လာတာပေါ့” လို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောပါတယ်။ သူ့အနေနဲ့ တော့ လက်ရှိမှာ သူ့ ကိုထောက်ခံချက်လာတောင်းတဲ့သူတွေကို ကွင်းဆင်းပြီးစုံစမ်းစစ်ဆေးပြီိး ထောက်ခံချက်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပန်းဘဲတန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးကတော့ တကယ်မြေ၊အိမ်ယာမရှိတဲ့သူတွေအတွက် တန်ဖိုးရှိတာကြောင့်ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွှတ်တော်ကိုအသိပေးပြီးမှုလုပ်ရင်ပိုကောင်းမယ်လို့ ဆက်ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ က ရောင်းချမယ့်အိမ်ယာတွေကို ၀ယ်ယူလိုသူတွေဟာ အသက်၃၂ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး အိမ်ထောင်တစ်စုမှာ တစ်ဦးသာ လျှောက်ထားခွင့်ရှိတယ်လို့ သိရပါတယ်။ရောင်းချမယ့်အိမ်ရာတွေကို ဝယ်ယူမယ့်သူတွေအနေနဲ့ အသက်၂၃နှစ်ပြည့်ပြီးသူ ဝင်ငွေနည်းပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်းတွေကိုရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အိမ်ထောင်စုတစ်ခုမှာတစ်ဦးသာ လျှောက်ထားခွင့်ရှိပြီးလျှောက်ထားသူရဲ့ မိသားစုပျမ်းမျှလစဉ် ဝင်ငွေစုစုပေါင်း ငွေကျပ်၃သိန်းကနေ ၁၂သိန်းထိရှိရမှာဖြစ်ပါတယ်။ တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်းအကြေပေးသွင်းမှု၊ ဘဏ်ချေးငွေနဲ့အများဆုံး(၁၅)နှစ်ပေးချေတဲ့စနစ်တွေနဲ့ ဝယ်ယူနိုင်မယ် လို့လည်း သိရပါတယ်။ တိုက်ခန်းတန်ဘိုးငွေကို အကြေပေးသွင်းပြီးမှသာ တိုက်ခန်း ပိုင်ဆိုင်ခွင့်စာအုပ်ကို ထုတ်ပေးမှာလည်းဖြစ်ပါတယ်။

ဖြိုးထက်အောင်

1

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*