အင်းတော်ကြီးဘုရားဖူးပြီးအပြန် စက်လှေမှောက်တဲ့ဖြစ်စဉ်မှ ပျောက်ဆုံးရုပ်အလောင်း ၉ လောင်းပြန်တွေ့ပြီ

အင်းတော်ကြီးဘုရားဖူးပြီးအပြန် စက်လှေမှောက်တဲ့ဖြစ်စဉ်မှ ပျောက်ဆုံးရုပ်အလောင်း ၉ လောင်းပြန်တွေ့ပြီ
February 26, 2018 Fame Asian

3:05 pm
အင်းတော်ကြီးဘုရားဖူးပြီးအပြန် စက်လှေမှောက်တဲ့ဖြစ်စဉ်မှ ပျောက်ဆုံးရုပ်အလောင်း ၉ လောင်းပြန်တွေ့ပြီ

28167426_1705669202810371_9038908705749796380_n

မိုးညှင်း ၊ ဖေဖော်ဝါရီ ၂၆

အင်းတော်ကြီး ရေလယ်ဘုရားဖူးပြီး ပြန်လာတဲ့စက်လှေတိမ်းမှောက်ရာကနေ ပျောက်ဆုံးသွားတဲ့ ကျောင်းသား/သူ ၉ ဦးစလုံးရဲ့ သေဆုံးရုပ်အလောင်းတွေကို ဒီကနေ့အားလုံးပြန်လည်ရှာတွေ့ခဲ့ပြီလို့ အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“သေဆုံးတာကတော့ ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၇ ဦး နဲ့ စက်လှေမောင်းသူရဲ့ သမီး အရပ်သူ ၁ ဦး ။ အားလုံးစုစုပေါင်း ၉ ဦးပါ။ ဒီကနေ့ မနက် ၁၀ နာရီကျော်မှာ အားလုံးပြန်ရှာတွေ့ခဲ့တာပါ” လို့ ရဲအုပ်ဗျက်ဆန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အနီးနား ၊ လုံးစန့် အလက ကျောင်းမှ ကျောင်းသူကျောင်းသားတွေ အပါအ၀င် စုစုပေါင်း ၁၈ ဦး လိုက်ပါလာတဲ့ စက်လှေဟာ အင်းတော်ကြီး ရေလယ်ဘုရားဖူးပြီးအပြန် တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စက်လှေတိမ်းမှောက်မှုဖြစ်စဉ်ဖြစ်ပွားတဲ့ ၂၅ ရက်နေ့မှာ လူ ၉ ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၉ ဦးကတော့ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်မှာ ကျောင်းဆရာမတစ်ဦး ၊ စက်လှေမောင်း ၊ စက်လှေမောင်းရဲ့ သမီးဖြစ်သူ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး နဲ့ အသက် ၁၄ နှစ်/ ၁၃ နှစ်အရွယ် ကျောင်းသား ၃ ဦး ၊ ကျောင်းသူ ၁၂ ဦး တို့ လိုက်ပါလာတာဖြစ်ပါတယ်။

အခုကာလဟာဆိုရင် အင်းတော်ကြီးဘုရားပွဲတော်ကျင်းပနေတဲ့ကာလဖြစ်ပါတယ်။

လက်ရှိမှာ လူ ၉ ဦးအသက်ဆုံးပါးသွားတဲ့ကိစ္စအတွက်စက်လှေမောင်းသူကို ရဲစခန်းမှာအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ အခင်းဖြစ်တဲ့ နေ့မှာပဲ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့ ကျောင်းဆရာမ ဟာ ဟိုပင်မြို့ကို ပြန်လည်သယ်ယူခဲ့စဉ် လမ်းမှာကွယ်လွန်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပေမယ့် ရဲတပ်ဖွဲ့နဲ့ လူကယ်ပြန်တာဝန်ရှိသူတွေကတော့ အဆိုပါသတင်းကိုမကြားမိသေးကြောင်းပြောပါတယ်။

YL 
Photo Credit- Han Zaw

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*