ည ၁၀နာရီ နောက်ပိုင်း ဆက်ရောင်းနေတဲ့ အရက်ဆိုင်၊ ဘားတွေကို တင်းကြပ်စွာတားမြစ်ဖို့ တိုင်းလွှတ်တော်အမတ်က လွှတ်တော်ကိုတင်ပြ

ည ၁၀နာရီ နောက်ပိုင်း ဆက်ရောင်းနေတဲ့ အရက်ဆိုင်၊ ဘားတွေကို တင်းကြပ်စွာတားမြစ်ဖို့ တိုင်းလွှတ်တော်အမတ်က လွှတ်တော်ကိုတင်ပြ
February 26, 2018 Fame Asian

4:22 pm
ည ၁၀နာရီ နောက်ပိုင်း ဆက်ရောင်းနေတဲ့ အရက်ဆိုင်၊ ဘားတွေကို တင်းကြပ်စွာတားမြစ်ဖို့ တိုင်းလွှတ်တော်အမတ်က လွှတ်တော်ကိုတင်ပြ

28167795_1705712266139398_3077341495041481962_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆

ည ၁၀ နာရီကျော်ပေမယ့် မပိတ်ဘဲ ဆက်ရောင်းနေတဲ့ အရက်ဆိုင်၊ ဘားတွေကို တင်းကြပ်စွာတားမြစ်ပြီိး မလိုက်နာရင်ဆိုင်ပိတ်သိမ်းအရေးယူဖို့ မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုတင်ပြပါတယ်။ ရာဇ၀တ်မှုတွေကျဆင်းချင်ရင် အရက်ပုန်းဆိုင်တွေ၊ အရက်ဆိုင်တွေကို ထိရောက်စွာအရေးယူခြင်းအားဖြင့် ရာဇ၀တ်မှုတွေကာကွယ်ရာရောက်တယ်လို့ လည်းသူက လွှတ်တော်မှာဆိုပါတယ်။

”အခု လူသတ်မှု ၊ ပြင်းထန်စွာနာကျင်စေမှု အစရှိတဲ့ ရာဇ၀တ်မှုတွေ မကြားဝံ့မနာသာ အဓမ္မမှုတွေ စတဲ့ ရာဇ၀တ်ပြစ်မှုကြီးတွေကိုကျူးလွန်မှုတွေကိုဖတ်ရှု့ တဲ့အခါမှာ အများစုဟာ အားလုံးနီးနီးလို့ ပဲထင်ပါတယ် အရက်သေစာ သောက်စား၊မူးယစ်ပြီးတော့မှ မူလစိတ်တွေပြောင်းပြီးတော့မှ ရိုင်းစိုင်းပြီးတော့မှ ဒီလိုကျူးလွန်မိတဲ့အကြောင်းကို ဖတ်ရှုသိရှိနေရပါတယ်။ အဲဒါကြောင့် တရားဝင်ယစ်မျိုးလိုင်စင်ရ ဆိုင်တွေရော တရားမ၀င်အရက်ပုန်းဆိုင်တွေပါ ထိန်းချုပ်နိုင်မယ်ဆိုရင် မှုခင်းများ ၊ မကြားဝံ့မနာသာရာဇ၀တ်မှုများကို သိသာစွာ ကျဆင်းသွားအောင်တားဆီးနိုင်မှာဖြစ်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး (၈) ရက်မြောက်နေ့ မှာ မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ”မရမ်းကုန်းမြို့ နယ် (၂) ရပ်ကွက်ရှိ အ.ထ.က(၂)မရမ်းကုန်း ၊ အ.လ.က(၄) မရမ်းကုန်း ကျောင်းအနီးပတ်ဝန်းကျင် ကိုက် ၁၀၀ အတွင်းတည်ရှိနေတဲ့ အရက်ဆိုင်၊ ဘီယာဆိုင်များကို ရှင်းလင်းပြောင်းရွေ့ ရန်အစီအစဉ်ရှိမရှိ” မေးခွန်းကို မေးမြန်းခဲ့ရာမှာ သူက ထည့်သွင်းတင်ပြခဲ့တာဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ နယ်စပ်ရေးနဲ့ လုံခြုံရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ”ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်းနားတွေမှာရှိတဲ့ ကိုက် ၁၀၀ အတွင်းမှာရှိတဲ့ ဆိုင်တွေကို စီစစ်ပြီးတော့မှ ဆိုင်ဖွင့်ခွင့်ကိစ္စကို ဆက်လက် စီစစ်ဆောင်ရွက်သွားပါမယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တင်ပြခဲ့တဲ့ည ၁၀ နာရီနောက်ပိုင်းဆက်လက်ရောင်းချတဲ့ ဆိုင်တွေကို ဆိုင်ပိတ်သိမ်းအရေးယူဖို့ ကိစ္စနဲ့ ပတ်သတ်လို့ တော့ တိုင်းနယ်လုံဝန်ကြီးက ကြီးကြပ်ရေးအဖွဲ့ တွေနဲ့ ဆောင်ရွက်နေတယ်လို့ သာဖြေကြားသွားခဲ့ပါတယ်။

”ဆိတ်ငြိမ်ရပ်ကွက်တွေမှာ ဘားတွေဆိုပြီးဖွင့်ကြပြီးတော့ ည ၁၀ နာရီကျော်ရင် ဆိုင်တံခါးပိတ်ကြပေမယ့် မန်ဘာကဒ်ရှိတဲ့သူတွေ တနည်းအားဖြင့် သူတို့ ဘားရဲ့အဖွဲ့ဝင်ကဒ်ပြားလုပ်ထားတဲ့သူတွေကိုတော့ ည၁၀နာရီိနောက်ပိုင်းမှာလည်းသောက်သုံးခွင့်တွေပြုထားကြပြီးတော့မှ ခွင့်ပြုကြတဲ့အတွက် အဲဒီလူတွေဟာ မနက်လင်းအားကြီးတော့မှ ဘားတွေထဲက ထွက်လာကြပြီးတော့ ပတ်ဝန်းကျင်မှာ အမြင်မတော်တဲ့ဖြစ်ရပ်တွေဖြစ်နေကြတာကိုလည်း ရပ်ကွက်နေပြည်သူများအလွန်အင်မတန်မှ စိတ်ဆင်းရဲစွာမြင်တွေနေကြရပါတယ်။ အဲဒီကိစ္စတွေကိုလည်းတင်းတင်းကြပ်ကြပ်တားမြစ်ပြီး မလိုက်နာရင်ဆိုင်ပိတ်သိမ်းတဲအထိ အရေးယူသင့်ပါတယ်” လို့ ဦးရန်ရှင်းကဆက်ပြောပါတယ်။

ယစ်မျိုးဆိုင်တွေနဲ့ ပတ်သတ်ပြီးဆောင်ရွက်နေတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှ ကြီးကြပ်ရေးအဖွဲ့  တွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ရဲတပ်ဖွဲ့ ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတာဝန်ခံ၊ပြည်နယ်တိုင်းစည်ပင်သာယာရေးအဖွဲ့  ၊ ပြည်နယ်တိုင်းကျန်းမာရေးဦးစီးဌာနတို့ က ပါဝင်ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ တိုင်းအစိုးရရဲ့ပြောပြချက်ရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*