ရန်ကုန်တိုင်းအတွင်းမှာ ဆောက်လုပ်မယ့် ၀န်ထမ်းအိမ်ရာ၂၆ လုံးအတွက်ဘတ်ဂျက် ၂ ခါတောင်းပြီး ဆောက်လုပ်မယ့်အစီအစဉ်ကို လက်မခံနိုင်ဟု ဒေါ်စန္ဒာမင်းပြော

ရန်ကုန်တိုင်းအတွင်းမှာ ဆောက်လုပ်မယ့် ၀န်ထမ်းအိမ်ရာ၂၆ လုံးအတွက်ဘတ်ဂျက် ၂ ခါတောင်းပြီး ဆောက်လုပ်မယ့်အစီအစဉ်ကို လက်မခံနိုင်ဟု ဒေါ်စန္ဒာမင်းပြော
February 22, 2018 Fame Asian

4:06 pm
ရန်ကုန်တိုင်းအတွင်းမှာ ဆောက်လုပ်မယ့် ၀န်ထမ်းအိမ်ရာ၂၆ လုံးအတွက်ဘတ်ဂျက် ၂ ခါတောင်းပြီး ဆောက်လုပ်မယ့်အစီအစဉ်ကို လက်မခံနိုင်ဟု ဒေါ်စန္ဒာမင်းပြော

28279127_1701443959899562_5391263391796844509_n

ရန်ကုန်၊ ဖေဖော်ဝါရီ ၊ ၂၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တစ်တိုင်းလုံးမှာ ၀န်ထမ်းအိမ်ရာ(၂၆) လုံး ဆောက်လုပ်ဖို့အတွက် ပြည်ထောင်စုမှ ဘတ်ဂျတ်တောင်းခံထားခဲ့ပေမယ့် ယခုအခါ ဘတ်ဂျတ်မလောက်ဟုဆိုက နောက်နှစ်ဘတ်ဂျတ်မှာ ထပ်မံတောင်းခံရန်စီစဉ်ထားမှုဟာ ဘဏ္ဍာရေးစည်းကမ်းကို သိသိချည်းနဲ့ ဖောက်ဖျက်မှုဖြစ်တာကြောင့် နိုင်ငံတော်ကို ဘတ်ဂျတ်ငွေများပြန်အပ်ဖို့ တောင်းဆိုလိုတယ်လို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှာ ဥက္ကဌအဖြစ် တာဝန်ယူထားရသူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ တိုင်းလွှတ်တော်မှာ ပြောပါတယ်။

အခုလို ပြောဆိုချက်နဲ့ ပတ်သတ်ပြီး လောလောဆယ်ဖြေကြားဖို့ အခက်အခဲတော့ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၇) ရက်မြောက်နေ့ မှာ ဆိပ်ကြီးခနောင်တိုမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ”၂၀၁၇-၂၀၁၈ ခုနှစ် ၊ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာနမှ ၀န်ထမ်းအိမ်ရာ(၂၆) လုံးဆောက်လုပ်ရန် ဘတ်ဂျတ်အစီိအစဉ်ပါခဲ့ပေမယ့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ (၆၀ ပေ× ၃၀ ပေ) Steel Structure တစ်ထပ် ၀န်ထမ်းအိမ်ယာသစ်များ ဆောက်လုပ်ပေးရန်အစီအစဉ်ရှိမရှိ” မေးခွန်းကိုမေးမြန်းခဲ့ပြီး ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

”စီမံကိန်းအသေးလေးတစ်ခုအတွက် ၁၀၀ ရာခိုင်နှုန်းတွက်ချက်တောင်းခံပြီးတော့မှ မလောက်လို့ နောက်နှစ်ဘတ်ဂျတ်မှာ တောင်းခံလို့ မရပါဘူး။ ဒါဟာ သုံးနှစ်စီမံကိန်းနဲ့ လုပ်ရမယ့် စီမံကိန်းကြီးလည်းမဟုတ်ပါဘူး။ ၁၀၀ ရာခိုင်နှုန်းဘတ်ဂျတ်ပေးပြီးသားကို မလောက်လို့ နောင်နှစ်ဘတ်ဂျတ်မှာ ထပ်မံချထားပေးရိုး ထုံးစံမရှိပါဘူး။ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုလုံးဝမရှိတဲ့ တောင်းခံမှုတစ်ခုအဖြစ်သာ ကျွန်မတို့ သတ်မှတ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိနေတဲ့ ဆောက်လုပ်မယ့် ၀န်ထမ်းအိမ်ယာ၂၆ လုံးအတွက်ဘတ်ဂျက် ၂ ခါတောင်းပြီး ဆောက်လုပ်မယ့်အစီအစဉ်ကို လက်မခံနိုင်ပါဘူး။ ဒါကြောင့်နိုင်ငံတော်ကို အဲဒီဘတ်ဂျတ်တွေပြန်လည်အပ်နှံပေးပါလို့ တောင်းဆိုလိုပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောပါတယ်။

သူမအနေနဲ့  ၀န်ထမ်းအိမ်ရာဆောက်လုပ်ဖို့ ဘတ်ဂျတ်ကျထားပြီးဖြစ်တာကိုသိထားပေမယ့် ဘယ်ကန်ထရိုက်တာကမှ ဆောက်လုပ်ခွင့်တောင်းခံတာမျိုးမတွေ့  ရလို့ စုံစမ်းကြည့်တဲ့အခါ အဲဒီဝန်ထမ်းအိမ်ယာ Steel Structure တစ်ထပ်ကို PAE တစ်သောင်းသုံးထောင်နဲ့ တွက်ချက်ပြီးတန်ဖိုးအားဖြင့် ၂၃၄ သိန်းသာ ချထားပေးတာကြောင့် ဆောက်လုပ်မယ့်သူမရှိဘူးဖြစ်နေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

”၀န်ထမ်းအိမ်ရာတွေက ၀န်ထမ်းတွေ နေထိုင်မယ်ဆိုပေမယ့်လည်း ရေချိုးခန်း၊အိမ်သာတွေမပါဘဲ Hall Type အဖြစ်သာ ဆောက်လုပ်ထားတဲ့ဒီဇိုင်းပုံစံဖြစ်တာကို တွေ့ ရတယ်။ဒါကြောင့် PAE တစ်သောင်းသုံးထောင်နဲ့ တွက်ချက်ထားတဲ့ဝန်ထမ်းအိမ်ယာတွေကို လက်မခံနိုင်ပါဘူး လို့ ငြင်းဆိုတဲ့အခါမှ တာဝနှ်ရှိသူတွေက ဒီတစ်နှစ်တော့ အိမ်ယာကို ကြမ်းခင်း၊ အမိုးနဲ့ တိုင်လေးတွေပဲဆောက်ထားလိုက်ပြီး နောင်နှစ်ဘတ်ဂျတ်ကျမှ ကျန်တာတွေကိုထပ်ထည့်ပေမယ့် တာဝန်ရှိသူတွေက ကျွန်မကိုလာပြီးညှိနှိုင်းလာပါတယ်။ ဒါဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို တာဝန်ရှိသူတွေက သိသိကြီးနဲ့ ဖောက်ဖျက်တာဖြစ်ပါတယ်” လို့ ဒေါ်စန္ဒာမင်းက ဝေဖန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်းကတော့ ”ထောက်ပြပေးတာကျေးဇူးတင်ပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ဒီတော့ အခုလောလောဆယ်တော့ ဖြေကြားဖို့ ရာ အခက်အခဲတော့ရှိပါတယ်။ ဒီနှစ် ၂၀၁၇-၁၈ အတွက်တင်မကဘဲ ၂၀၁၈-၁၉ အတွက်ပါ နှစ်နှစ်ခွဲပြီး လျာထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဒီကိစ္စကိုလောလာဆယ်တော့ PAE တစ်သောင်းသုံးထောင်ကနေ ပြီးတော့ နောက်နှစ်အတွက်ဆိုပြီးတော့ နှစ်သောင်းခုနှစ်ရာနဲ့ တော့ လုပ်ထားတာရှိတယ်။ ဒီလို နှစ်ခွဲပြီးလုပ်တဲ့ဟာက မသင့်တော်ဘူးဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့ ပြန်လည်ညှိနှိုင်းပြီးဆောင်ရွက်ခွင့်ပြုပါ” လို့ လွှတ်တော်မှာပြန်ဖြေခဲ့ပါတယ်။

ဒေါ်စန္ဒာမင်းဟာ ဆိပ်ကြီးခနောင်တိုမြို့ နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးတော့ တိုင်းဒေသကြီးလွှတ်တော်က ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီ ၁၀ ခုထဲမှ တစ်ခုဖြစ်တဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှာ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လူသိများတဲ့ ၊ မေးခွန်းမေးမြန်းမှုအများဆုံး လွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*