ပူတာအိုမှာ ဓါတ်ဆီ ၁ ဂါလံ ၂၀၀၀၀ ဖြစ်နေပြီး တံတားတစ်စင်း မိုင်းထပ်ခွဲခံရ

ပူတာအိုမှာ ဓါတ်ဆီ ၁ ဂါလံ ၂၀၀၀၀ ဖြစ်နေပြီး တံတားတစ်စင်း မိုင်းထပ်ခွဲခံရ
February 20, 2018 Fame Asian

12:12 pm
ပူတာအိုမှာ ဓါတ်ဆီ ၁ ဂါလံ ၂၀၀၀၀ ဖြစ်နေပြီး တံတားတစ်စင်း မိုင်းထပ်ခွဲခံရ
28055751_1699312930112665_1515232597002575809_n

ယမန်နေ့က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကတံတား

ပူတာအို၊ ဖေဖော်ဝါရီ ၂၀

ဒီကနေ့ ပူတာအိုမြို့ရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကတော့ ဓါတ်ဆီ တစ်ဂါလံ ၂၀၀၀၀ ကျပ်နဲ့ အခြေခံစားသောက်ကုန်တွေ ပုံမှန်ထပ် ၃ ဆ မြင့်တက်နေပြီလို့ ပူတာအိုဒေသခံတွေက ဆိုပါတယ်။

“လောလောဆယ်မှာတော့ လေယာဉ်ကိုပဲအားကိုးနေရတယ်။ ဆန်ကတော့ ဒေသခံထွက်စပါးရှိတော့ နို့ဆီဗူး ၄ လုံး ၁၀၀၀ နဲ့ စားလို့ရနေသေးတယ်။ အဓိကကတော့ စက်သုံးဆီ ဓါတ်ဆီ(လုံးဝပြတ်တာတော့မဟုတ်သေးဘူး) ရောင်းတဲ့သူနည်းနည်းရှိသေးလို့ ၀ယ်လို့ရသေးတယ်။ ဒီဇယ်ကတော့ ၇၀၀၀ ” လို့ ပူတာအိုမြို့နယ် ဂျိမ်းဖော့ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်ခမ်းက ဆိုပါတယ်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင်ဘေလီတံတား ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ KIA က ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း အဆိုပါလမ်းပိုင်းဟာ ဆက်သွယ်ရေးပြတ်တောက်သွားတာဖြစ်ပါတယ်။ဒီလိုပြတ်တောက်သွားပြီးနောက်ပိုင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို လမ်းဟာ သွားလာလို့မရတော့ဘဲ ပူတာအိုမှာ ကုန်ဈေးနှုန်းတွေတက်သွားပါတော့တယ်။

ဒီလိုကုန်ဈေးနှုန်းတွေမြှင့်တက်နေပေမယ့် မနေ့ကပဲ ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း မိုင်တိုင်အမှတ်၊ ၁၄၇/၆-၇ ၊ တံတားအမှတ်၊ ၆/၁၄၈ ၊ အရှည် ၂၃၅ ပေ သံဘောင် ဘေလီ တံတားတစ်စင်း ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ဒါကြောင့် ပြန်ကြည့်ရင် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်း က တံတား ၊ ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းက တံတား ပျက်ဆီးသွားပြီဖြစ်လို့ ဒီလမ်းပိုင်း ၂ ခုစလုံးမှာ ဆက်သွယ်ရေးပြတ်တောက်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။

တံတားမိုင်းခွဲဖျက်ဆီးခံရခြင်းနဲ့ပတ်သတ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ထားပါတယ်။

KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အစည်းအဝေးတစ်ခုတက်ရောက်နေတာကြောင့် မေးမြန်းခွင့်မရရှိခဲ့ပါဘူး။

ဒါနဲ့ပတ်သတ်ပြီး ဒေသခံ တစ်ဦးဖြစ်သူ U TUNG PU DAGUNG က “ကုန်ဈေးနှုန်းတော့ တစ်ရိပ်ရိပ်တက်နေတာပါပဲ။ တိုက်ပွဲဖြစ်တာတို့ ဘာတို့တော့မရှိဘူး ငြိမ်နေတယ်” လို့ဆိုပါတယ်။

ဒါပေမဲ့ မနေ့ကတော့ တပ်မတော်လေယာဉ်နဲ့ စစ်သား ၆၀၀ လောက် ပူတာအိုကိုရောက်လာခဲ့တယ်လို့ ပူတာအိုဒေသခံတွေက ဆိုကြပါတယ်။

ပူတာအို ခရိုင်ဟာဆိုရင်တော့ KIA ရဲ့ တပ်မဟာ ၁ လှုပ်ရှားရာနယ်မြေဖြစ်တယ်လို့လည်းသိရပါတယ်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းမှာ တံတားတွေဖျက်ဆီးခံရပြီး ကုန်ဈေးနှုန်းတွေကြီးမြင့်လာတာနဲ့ပတ်သတ်လို့ KIA ကို ပူတာအိုဒေသခံ တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ သန်ခေါင်စာရင်းအရ ပူတာအိုခရိုင်မှာ ၁ သိန်းနီးပါးနေထိုင်ကြောင်းသိရပါတယ်။

ပျက်စီးသွားတဲ့တံတားတွေ ပြင်ဆင်နိုင်ဖို့ ကိစ္စနဲ့ပတ်သတ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ အစိုးရအဖွဲ့ဝန်ကြီး ၄ ဦးကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

YL

Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*