ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေကို တစ်နိုင်ငံလုံးတစ်ပြေးညီ ယူနီဖောင်းသတ်မှတ်ပေးရန်စီစဉ်နေ

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေကို တစ်နိုင်ငံလုံးတစ်ပြေးညီ ယူနီဖောင်းသတ်မှတ်ပေးရန်စီစဉ်နေ
February 19, 2018 AsianFame MediaGroup

3:27 pm
ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေကို တစ်နိုင်ငံလုံးတစ်ပြေးညီ ယူနီဖောင်းသတ်မှတ်ပေးရန်စီစဉ်နေ
28167986_1722641357798139_8148951547172615104_n

နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများကို ဖန်တီးဝတ်စားဆင်ယင်ခြင်းမပြုရန် အသိပေးရှင်းလင်းခြင်းကို မန္တလေးတွင်ပြုလုပ်ခဲ့စဉ်က

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၉

လုံခြုံရေးလက်နက်ကိုင်အဖွဲ့ယူနီဖောင်းတွေနဲ့ထင်ယောင်ထင်မှားမဖြစ်စေဖို့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေကို တစ်နိုင်ငံလုံးတစ်ပြေးညီ ယူနီဖောင်းသတ်မှတ်ပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အသင်းအဖွဲ့အချို့ရဲ့ ယူနီဖောင်းတွေဟာ အစိုးရအဖွဲ့ ရဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ ၀တ်စုံတွေနဲ့ ဆင်တူရိုးမှားတွေဖြစ်နေတဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်နဲ့ စီစစ်ရေးကော်မတီတစ်ရပ် ကိုဖွဲ့စည်းပြီး အဆိုပါကိစ္စကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစိုးရရဲ့ လုံခြုံရေးလက်နက်ကိုင်အဖွဲ့ယူနီဖောင်းတွေနဲ့ဆင်တူဝတ်ရင် တည်ဆဲဥပဒေအရ အရေးယူနိုင်တယ်ဆိုတဲ့ အမိန့်ကြေညာစာတစ်စောင်ကို
၂၀၁၈ ခုနှစ် ဇန်န၀ါရီလ တတိယအပတ်အတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“ပြည်ထဲရေးကနေ အဲဒီလို အမိန့်ကြေညာစာထွက်လာတော့ မေးလာကြတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက သူတို့ရဲ့ လုံခြုံရေးဝန်ထမ်းယူနီဖောင်းတွေနဲ့ပတ်သတ်လို့ပေါ့နော်။ အဲဒါနဲ့ အမိန့်ကြေညာစာထွက်လာပြီးနောက်ပိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေ ဒီကိစ္စတွေအတွက် လုံခြုံရေးဆိုင်ရာစီစစ်ကြီးကြပ်မှုကော်မတီဆိုပြီး ဇန်န၀ါရီ ၂၃ ရက်နေ့။ အဲ့ဒီမှာ ဖွဲ့စည်းမိန့်ထုတ်ပေးတယ်။ ကျွန်တော်တို့ ဆီက ဒုရဲချုပ် တစ်ယောက်က ကော်မတီမှာပါတယ်” လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

ကော်မတီမှာလုပ်ငန်းတာဝန်ရှိပြီး ဥပဒေ /နည်းဥပဒေများရေးဆွဲကာ လွှတ်တော်တင်ဖို့ ပြင်ဆင်နေသည်ဟု သိရကြောင်း ၎င်းကပဲထပ်လောင်းဆိုပါတယ်။

“သဘောထားမှတ်ချက်အနေနဲ့တော့မပြောဘူး။ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ လုံခြုံရေးယူနီဖောင်းဝတ်စုံကို တစ်နိုင်ငံလုံးတစ်ပြေးညီသတ်မှတ်ပေးမယ်လို့တော့ သိထားတယ်” လို့ ၎င်းက ပြောပါတယ်။

အစိုးရအဖွဲ့လုံခြုံရေးလက်နက်ကိုင်ဝန်ထမ်းတွေရဲ့ ယူနီဖောင်းတွေနဲ့ဆင်တူလိုက်ဝတ်ရင်တော့ ရာဇသတ်ကြီးပုဒ်မ ၁၇၀ ( ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု) နဲ့ အရေးယူနိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးက သတိပေးပြောဆိုခဲ့သေးတယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

YL