အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် NCA လက်မှတ်ထိုးရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် NCA လက်မှတ်ထိုးရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီပြော
February 8, 2018 Fame Asian

10:01 am
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် NCA လက်မှတ်ထိုးရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီပြော

11

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၈

မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့်အတူ နိုင်ငံတော်အဆင့် တရားဝင်ကြေညာခဲ့ပြီး အားလုံးပါဝင်နိုင်ရေးကို ဖော်ဆောင်နိုင်မှ အဆိုပါစာချုပ်ကို လက်မှတ်ထိုးရန် ယခင်က ဆုံးဖြတ်ခဲ့သော်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့မွန်ပြည်သစ်ပါတီက အားလုံးပါဝင်မှ ထိုးမယ်လို့ အရင်ကခံယူခဲ့ပေမယ့်လည်း တခြားအဖွဲ့တွေက NCA လမ်းကြောင်းကို မလိုက်တော့ဘူး။ တခြားလမ်းကြောင်းသစ်နဲ့ပဲ ငြိမ်းချမ်းရေးစကားဝိုင်းကိုဝင်မယ်ဆိုတဲ့အနေအထားရောက်တော့ ကျွန်တော်တို့ရဲ့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကို ၀င်မယ်ဆိုတဲ့အနေအထားက အတူတကွသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။မဖြစ်နိုင်တဲ့အနေအထားကို ရောက်လာတော့ ကျွန်တော်တို့လည်း အားလုံးပါဝင်ရေး မူကို လက်လွှတ်လိုက်ရတယ်။အဲ့ဒီသဘောပါ။ကျွန်တော်တို့ NCA ကို မထိုးဖြစ်ခဲ့တာက NCA စာချုပ်ကို လက်မခံလို့မဟုတ်ဘူး။ အားလုံးမပါဝင်လို့ ဒီတစ်ချက်တည်းနဲ့ပါပဲ။ကျွန်တော်တို့ ၂၀၁၂ မှာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ပြန်လုပ်တော့ ကျွန်တော်တို့ ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးလုပ်ပြီးရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသွားဖို့ပဲ။အဲ့လိုသွားဖို့ NCA လမ်းကြောင်းအတိုင်းသွားမယ်လို့ အတိအလင်းဆုံးဖြတ်ချချထားတယ်လေ။NCA ကိုလက်ခံခဲ့ပါတယ်။အားလုံးမပါဝင်ခဲ့လို့ မထိုးဖြစ်ခဲ့ဘူး။နောက်ပိုင်းမှာအားလုံးလည်း မပါဝင်နိုင်တော့ဘူး။ တခြားအဖွဲ့တွေလည်း NCA လမ်းကြောင်းမဟုတ်ဘဲနဲ့ တခြားလမ်းကြောင်း၊ တခြားနည်းနဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲကို ၀င်မယ်ဆိုတော့ ကျွန်တော်တို့က NCA နဲ့သွားမယ်ဆိုတော့ လမ်းကြောင်းက မတူတော့ဘူးလေ။ဟိုမှာကျမှပဲ ဆုံဖြစ်တော့မယ်။ အဲ့ဒါကြောင့် သူတို့ကို မစောင့်တော့ဘူး။ကျွန်တော်တို့အားလုံးပါဝင်ရေးကို လက်လွှတ်လိုက်ပြီးတော့ နိုင်ငံရေး ငြိမ်းချမ်းဆွေးနွေးပွဲဝင်နိုင်အောင် NCA ထိုးတာဖြစ်တယ်။” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ က ပြောသည်။

22

မွန်ပြည်သစ်ပါတီအနေဖြင့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးမှာ မွန်အမျိုးသားကို ကိုယ်စားပြုသည့်အချက်များကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပြီး ယင်းသို့တင်ပြနိုင်ရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(မွန်) ကျင်းပရန်လိုအပ်သည့်အတွက် NCA လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် ဇန်န၀ါရီလ ၃၁ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်မှ သမ္မတလွတ်ငြိမ်းချမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် မွန်ပြည်သစ်ပါတီဝင် ၅ ဦးနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက ဥက္ကဌကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့တဲ့အခါကျတော့ ကျွန်တော်တို့က NCA လမ်းကြောင်းအတိုင်း လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းမယ်ဆိုတော့ ကျွန်တော်တို့မှာရှိနေတဲ့အခက်ခဲတွေကို တင်ပြတယ်။တင်ပြတဲ့အထဲမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာကို ပြန်လွှတ်ပေးဖို့ တင်ပြထားတာရှိတာ အဲ့ဒီအပေါ်မှာ သူတို့ဝိုင်းစဉ်းစားပေးပြီးတော့ ပြန်လွှတ်ပေးတာပါ” ဟု ၄င်းက ရှင်းပြသည်။

မွန်အမျိုးသားနေ့ကို ယခင်က သိုဝှက်ကျင်းပခဲ့ပြီး အခမ်းအနားကျင်းပပါက နိုင်ငံတော်ပုန်ကန်မှု၊အစိုးရကို ပုန်ကန်သည့်ပုံစံမျိုးဖြင့် ဖမ်းဆီးမှုတချို့ရှိခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အကြီးအကဲများကပါ ဂုဏ်ပြုကြိုဆိုကြသည့်အတွက် ၀မ်းသာအားရကြောင်းနှင့် မွန်အမျိုးသားနေ့ကိုလည်း အများသဘောဆန္ဒအရ အစိုးရရုံးပိတ်ရက်၊ကျောင်းပိတ်ရက်အဖြစ် ဆက်လက်တောင်းဆိုဆွေးနွေးသွားမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဇာသပြင်ကျေးရွာမှာ ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားတွင် NCA သည် မွန်ပြည်သစ်ပါတီ၏ ပန်းတိုင်မဟုတ်ဘဲ NCA လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်းမဟုတ်ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည့်အပေါ် နိုင်ဝင်းလှက “ကျွန်တော်တို့ ရည်ရွယ်ချက်က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပါ။အဲ့ဒါကတော့ ဘယ်လူမျိုးမဆို ကိုယ်ပိုင်မွေးရာပါ အခွင့်အရေးပဲလေ။ကျွန်တော်တို့ မွန်ပြည်သစ်မှ မဟုတ်ပါဘူး။ မွန်တစ်မျိုးသားလုံးနဲ့လည်းဆိုင်တယ်။မွန်တစ်မျိုးလုံးကို ကိုယ်စားပြုတော့ အဲ့ဒီလို ခံယူထားတဲ့အကြောင်း ပြောနေတာဖြစ်ပါတယ်။တခြားလူမျိုးတိုင်းလည်း ဒီလိုပါပဲ။” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော်မှာ လက်မှတ်ရေးထိုးမှာဖြစ်ပြီး ယင်းသို့လက်မှတ်ရေးထိုးခြင်းသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏အကြီးမားဆုံးအောင်မြင်မှုဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်အနေဖြင့် အထူးဂုဏ်ယူထိုက်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။

“ကျွန်တော်တို့ ဒီနှစ်တာအတောအတွင်းမှာ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ နံပါတ်တစ် အောင်မြင်မှုကတော့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးပြီး မြန်မာနိုင်ငံ မွန်၊ကရင်နှင့် တနင်္သာရီတိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတစ်ကြိမ်တစ်ခါမှ မရရှိခဲ့တဲ့ ငြိမ်းချမ်းရေးကို ပြည်သူပြည်သားတွေခံစားရရှိတော့မယ်ဆိုတဲ့အကြောင်း ၂ နှစ်မြောက် လွှတ်တော်နေ့မှာ ကျွန်တော်ပြောလိုပါတယ်။” ဟု ၀န်ကြီးချုပ်က မွန်ပြည်နယ်လွှတ်တော် ၂ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနာမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

CL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*