တိုက်ပွဲရှောင် ၃၀၀၀ အထဲက ၁၀၀၀ ကျော် တနိုင်းသို့ရောက်ရှိ

တိုက်ပွဲရှောင် ၃၀၀၀ အထဲက ၁၀၀၀ ကျော် တနိုင်းသို့ရောက်ရှိ
January 31, 2018 Fame Asian

11:45 am
တိုက်ပွဲရှောင် ၃၀၀၀ အထဲက ၁၀၀၀ ကျော် တနိုင်းသို့ရောက်ရှိ

27545591_1679596845417607_1288633870420164366_n

တနိုင်း ၊ ဇန်န၀ါရီ ၃၁

တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ လူ ၃၀၀၀ အထဲက ၁၀၀၀ စွန်းစွန်းသာ တနိုင်းကို ပြန်ရောက်လာသေးကြောင်း မြို့ဒေသခံကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

ဇန်န၀ါရီ ၂၉ ရက်နေ့ကတည်းက တနိုင်းဒေသ စနက်ချောင်း နဲ့နမ့်ကွမ်းချောင်းအနားမှာ ပိတ်မိနေတဲ့ တိုက်ပွဲရှောင်လူဦးရေ ၃၀၀၀ ကျော်လောက်အထဲက အမျိုးသမီးအများစုနဲ့ကလေးသူငယ် ၊ သက်ကြီးရွယ်အိုအများစုဟာ ဇန်န၀ါရီ ၃၀ ရက်နေ့မှာ တနိုင်းမြို့ပေါ်ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

သူတို့ကို တပ်မတော်က စီစစ်ပြီး စနက်ချောင်းနေရာကနေ တ၀မ်ချောင်းအထိ စက်လှေနဲ့ ပို့ဆောင်ပေးကာ ကျန်ခရီးကိုတော့ တနိုင်းအုပ်ချုပ်ရေးအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင် က “တစ်ချို့တစ်ဝက်တွေ ရောက်ပြီ ။ အခု တနိုင်းမှာဌာနဆိုင်ရာတွေ စစ်ဆေးရေးတွေလုပ်နေပါတယ်။ တစ်ချို့ကတော့သွားကြိုတုန်း တစ်ချို့ကတော့ ၀င်လာတုန်း” လို့ပြောပါတယ်။

တနိုင်းမြို့ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ ဒီကနေ့ မနက်အထိ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ရောက်ရှိခဲ့ပြီး နီးစပ်ရာ နမ္မတီး ၊ မိုးကောင်း ၊ မြစ်ကြီးနား စတဲ့ ဒေသကိုသွားမယ့် သူတွေကတော့ ဆက်လက်ခရီးထွက်ခွာသွားကြပြီလို့ ပြောပါတယ်။

“စုစုပေါင်း တစ်ထောင်ကျော်လို့ပဲ သတ်မှတ်လို့ရတယ်။ တစ်ချို့နီးတဲ့သူတွေကပြန်သွားကုန်ပြီ ” လို့ ၎င်းကဆိုပါတယ်။

လက်ရှိ စနက်ချောင်းနဲ့ နမ့်ကွမ်းမှာ တိုက်ပွဲရှောင် ၂၂၀၀ လောက်နဲ့ဆိုင်ကယ် အစီး ၅၀၀ ကျော်ဟာ စောင့်ဆိုင်းနေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ဦးစိမ်းယုံက ပြောပါတယ်။

“စားရေးသောက်ရေးကတော့ မျှစားနေတယ်။ ရိက္ခာကတော့ဒီနေ့ကုန်မယ်ထင်တယ်။ ကျန်တာကတော့အမျိုးသားအများစုကျန်တယ်။ စစ်ဆေးပြီးသွားခိုင်းနေပါတယ်။ ဒါပေမဲ့ စစ်တာနှေးတယ်။ မနေ့ကတစ်နေကုန် ၄၃၀ ပဲပြီးတယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် KIA ရင်း ၁၄ တည်ရှိရာ နမ်ဗျူပယင်းမှော်ဘက်က ရရှိထားတဲ့သတင်းအရ ဒေသခံ ၁၀၀၀ ကျော်ဟာ နေရပ်ပြန်လိုခြင်းမရှိဘဲ အဲ့ဒီနေရာမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ တနိုင်းအခြေစိုက်ဒေသခံတစ်ဦးထံကပြောပါတယ်။

“ကျွန်တော်ကတော့ ပြောလိုက်တယ်။ အဲ့ဒီမှာ နေတာတော့အကြောင်းအရင်းမဟုတ်ဘူး။ ပြန်မှဖြစ်မှာ လို့တော့ပြောလိုက်တယ် ။ သူတို့ကလည်း ဟိုဘက်ဒီဘက်ကြားထဲမှာ တက်လာတဲ့အချိန်ပိတ်မိမှာကိုစိုးရိမ်ကြတယ်နဲ့တူပါတယ် ။ ဒါပေမဲ့ တပ်ဘက်ကလည်း ဒီကြားထဲမှာ ပစ်တာခတ်တာမပြုလုပ်မယ့်သဘောတော့ရှိပါတယ်။ ပြန်လာရင်ပြန်လာလို့တော့ရတယ် ” လို့ ယင်းက ဆိုပါတယ်။

လက်ရှိတနိုင်းဒေသမှာဆိုရင် တပ်မတော်နဲ့ KIA ကြားတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအနေနဲ့ခြုံကြည့်ရင် ဆွမ်ပရာဘွမ်ဒေသ နဲ့ တနိုင်းဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

YL
Photo- AwngDangLahkang

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*