တနိုင်းဒေသမှာ ပိတ်မိနေတဲ့ တိုက်ပွဲရှောင် ပြည်သူ ၈၀၀ ကျော်ဖြတ်သန်းခွင့်ရရှိပြီဟုဆို

တနိုင်းဒေသမှာ ပိတ်မိနေတဲ့ တိုက်ပွဲရှောင် ပြည်သူ ၈၀၀ ကျော်ဖြတ်သန်းခွင့်ရရှိပြီဟုဆို
January 29, 2018 Fame Asian

5:51 pm
တနိုင်းဒေသမှာ ပိတ်မိနေတဲ့ တိုက်ပွဲရှောင် ပြည်သူ ၈၀၀ ကျော်ဖြတ်သန်းခွင့်ရရှိပြီဟုဆို

26993528_1677824748928150_7819785352990247274_n

တနိုင်း ၊ ဇန်န၀ါရီ ၂၉

တိုက်ပွဲကြောင့် ထွက်ပြေးလာပြီး လမ်းမှာပိတ်မိနေတဲ့ ကချင်ပြည်နယ်တနိုင်းဒေသက ဒုက္ခသည် ၃၀၀၀ ကျော်ကို အဆင့်အဆင့် သယ်ဆောင်သွားပြီးနေရပ်ပြန်ပို့တော့မယ်လို့သိရပါတယ်။

တနိုင်းဒေသ မှော်တွေအထဲမှာ တိုက်ပွဲပြင်းထန်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွှေနဲ့ပယင်းရှာသူ စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀ ကျော်ဟာ ဇန်န၀ါရီ ၂၈ ရက်နေ့ညနေ က စတင်ပြီး တနိုင်းမရောက်ခင် တပ်မတော်စခန်းထိုင်ရာ စနက်ချောင်းအနားမှာ ပိတ်မိနေပြီး ဖြတ်သန်းသွားလာခွင့်ကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဒေသအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ အစည်းအဝေးထိုင်ပြီး စစ်ဘေးရှောင်တွေ နောက်ဆုံးရောက်ရှိရာနေရာကနေ တနိင်းမရောက်ခင် တ၀မ်ချောင်းအထိကို စက်လှေငါးစီးနဲ့ ခရီးတစ်ထောက်သယ်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသူ တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ဘယ်သူမှ တော့ အဲ့နေရာကို ၀င်ခွင့်မပေးဘူး။ တပ်က သူကိုယ်တိုင်ပဲ စက်လှေ ၅ စီးနဲ့ တ၀မ်ချောင်း ထိလှေနဲ့သယ်ပေးမယ် ပြောတယ်။ လောလောဆယ် တော့ဘယ်သူမှ မရောက်လာသေးဘူး။ တ၀မ်ကနေ လမုန်အထိတော့ တနိုင်းအုပ်ချုပ်ရေးအဖွဲ့က သူ့အစီအစဉ်နဲ့သူ သယ်ဖို့ပြောတယ်။ အုပ်ချုပ်ရေးမှူးကတော့ ကားစီစဉ်ပေးမယ်ထင်တယ်” လို့ ၎င်းကဆိုပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေနဲ့ ကိုသွားရောက်ကူညီနေတဲ့ ဦးစိမ်းယုံကိုဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ် စစ်ဘေးရှောင်တွေအထဲက လူ ၈၀၀ ကျော်လောက် ဖြတ်သန်းခွင့်ရရှိသွားပြီဖြစ်ကြောင်း ပေါ်ပြူလာနယုးစ်ကို ဒီကနေ့ ညနေ ၅နာရီ ၁၅ မိနစ်ခန့်မှာ ပြောပါတယ်။

“အမျိုးသမီးတွေ ကလေးတွေ အသက်ကြီးပိုင်းတွေ အားလုံးပေါင်း ၈၀၀ လောက်ပဲသွားခွင့်ပေးသေးတယ်။ ကျန်တဲ့ သူတွေကိုတော့ သွားခွင့်မပေးသေးဘူး။ ဖြတ်သန်းခွင့်မပေးဘူးပဲပြောတယ်။ နောက်ပြန်ခေါက်ခိုင်းတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး။နမ့်ကွမ်းချောင်းဘက်ကိုပြန်ခေါက်ခိုင်းတယ်။ ဒါပေမဲ့ အန္တရာယ်နဲ့ကအရမ်းနီးနေပြီ ကျွန်တော်တို့ တပ်စခန်းရှိတဲ့ဘက်ကိုတော့ပြန်သွားမယ်။ အခက်အခဲတစ်အားဖြစ်နေတယ်။ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်းအလေးအနက်စဉ်းစားစေချင်ပါတယ် ” လို့ သူကဆိုပါတယ်။

တနိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး ကိုဆက်သွယ်မေးမြန်းရာမှာလည်း စစ်ဘေးရှောင် ၈၀၀လောက်ဖြတ်သန်းခွင့်ရပြီး ကျန်လူတွေကိုပြန်ခေါက်ခိုင်းတဲ့သတင်းကိုကြားကြောင်း ပြောပါတယ်။

ပိတ်မိနေရာကနေ လွတ်မြောက်လာတဲ့ စစ်ဘေးရှောင်တွေကို လမုန်ရောက်ရင် ဌာနဆိုင်ရာအစုံအလင်နဲ့ စစ်ဆေးမှာဖြစ်ပြီး စစ်ဆေးပြီးသူတွေကိုတော့ တနိုင်းမြို့အထွက် တံတားထိပ်နားက ဇေယျာသီရိဘုန်းကြီးကျောင်း ဇာတ်ရုံဝင်းထဲမှာ တည်းခိုနေထိုင်စေမှာဖြစ်ကြောင်း ၊ အဲဒီအထဲက တနိုင်းမြို့အထဲမှာပဲနေထိုင်သူတွေကို မြို့အထဲသို့ပြန်ခိုင်းမှာဖြစ်ပြီး အခြားဒေသတွေကလာရောက်သူတွေကိုတော့ နောက်နေ့မနက်မှာ နေရပ်ပြန်ဖို့ ကားစီစဉ်ပေးမှာဖြစ်ကြောင်းလည်းသိရပါတယ်။

စစ်ဘေးရှောင်လာသူတွေ အနေနဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့ညကတော့ တပ်မတော်ထိုင်ထားရာ စနက်ချောင်းဆိုတဲ့နေရာမှာပဲ တစ်ညတာအိပ်စက်ပြီး ဖြတ်သန်းခွင့်စောင့်ဆိုင်းနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ လူမှုကယ်ဆယ်ရေးအသင်းက ဦးစိမ်းယုံက ပေါ်ပြူလာနယူးစ်ကိုပြောထားပါတယ်။

စစ်ဘေးရှောင်လာသူတွေအထဲမှာ မိုင်းစမှန်တဲ့သူတွေ ၊ ဒဏ်ရာရထားတဲ့သူတွေ ၊ နေမကောင်းတဲ့သူတွေလည်းပါနေတယ်လို့ သိထားရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*