စစ်တောင်းစက္ကူစက်ရုံမှာ အလုပ်ရပ်စဲမှု နစ်နာကြေး လာရောက်မထုတ်ယူသေးတဲ့ အလုပ်သမား ၃၀၀ ကျော်ရှိသေး

စစ်တောင်းစက္ကူစက်ရုံမှာ အလုပ်ရပ်စဲမှု နစ်နာကြေး လာရောက်မထုတ်ယူသေးတဲ့ အလုပ်သမား ၃၀၀ ကျော်ရှိသေး
January 19, 2018 Fame Asian

12:22 pm
စစ်တောင်းစက္ကူစက်ရုံမှာ အလုပ်ရပ်စဲမှု နစ်နာကြေး လာရောက်မထုတ်ယူသေးတဲ့ အလုပ်သမား ၃၀၀ ကျော်ရှိသေး

1

ကျိုက်ထို ၊ ဇန်န၀ါရီ ၁၉

အပြီးတိုင်ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့ စစ်တောင်းစက္ကူစက်ရုံမှာ အလုပ်ရပ်စဲမှု နစ်နာကြေး လာရောက်မထုတ်ယူသေးတဲ့ အလုပ်သမား ၃၀၀ ကျော်ရှိသေးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရွှေသံလွင်းဟိုင်းဝေးကုမ္ပဏီက နိုင်ငံတော်အစိုးရထံကနေ နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်ခဲ့တဲ့ စစ်တောင်းစက္ကူစက်ရုံကို လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတာကြောင့် အခုစက်ရုံကိုပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပိတ်သိမ်းကြောင်းကြေညာခဲ့ပြီး မွန်ပြည်နယ်အစိုးရထံပြန်လည်အပ်နှံဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။

စက်ရုံကိုပိတ်သိမ်းလိုက်တဲ့အတွက် စက်ရုံအလုပ်သမားတွေကို အလုပ်ကနေရပ်စဲပြီး နစ်နာကြေး ၅လစာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ကနေစပြီး စတင်ထုတ်ပေးခဲ့ရာမှာ စက်ရုံအလုပ်သမား ၁၆၅ ဦးသာ လာရောက်ထုတ်ယူခဲ့ပြီး ကျန်အလုပ်သမား ၃၀၈ ဦးကတော့ ယနေ့တိုင်လာရောက်ထုတ်ယူခြင်းမရှိသေးဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုတာဖြစ်ပါတယ်။

နစ်နာကြေးလာရောက်ထုတ်ယူခြင်းမရှိတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး စက်ရုံမပိတ်သိမ်းခင် စက်ရုံတာဝန်ခံအဖြစ်လုပ်ကိုင်ခဲ့တဲ့ ဒေါ်ခင်အုန်းကြည်က “သူတို့ပေးတာကိုယူရမယ်ဆိုရင် ကျွန်မတို့နောက်မှာမိသားစုတွေအများကြီး ။ အဆင်မပြေဘူး။ အလုပ်အကိုင်ပဲလိုချင်တာ” လို့ဆိုပါတယ်။

ဒေါ်ခင်အုန်းကြည်အပါအ၀င် စက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အလုပ်သမား ၃၀၈ ဦးဟာ ဒီကနေ့ တိုင် လုပ်ခလစာထုတ်ယူခြင်းမရှိတာလည်းဖြစ်ပါတယ်။

စက်ရုံလက်ထောက်မန်နေဂျာတာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ဥမ္မာမွန်က “နစ်နာကြေးမယူဘူး” လို့ ဆိုပါတယ်။

စက်ရုံကပေးတဲ့နစ်နာကြေးကိုမလိုချင်ကြောင်းနဲ့ အလုပ်အကိုင်သာပြန်လည်စီစဉ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ နစ်နာကြေးမယူထားတဲ့အလုပ်သမား တွေဟာ မွန်ပြည်နယ်အတွင်းမှာ ဆန္ဒပြလမ်းလျှောက်မှုကို ၂ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ နဲံ့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီတို့က အဆိုပါကိစ္စအပေါ်ညှိနှိုင်းပေးခြင်းမရှိသေးဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ် ၊ စွမ်းအင်နဲ့ စက်မှု ၀န်ကြီး ဦးမင်ထင်အောင်ဟန် ၊ စစ်တောင်းစက်ရုံစီစစ်ရေးကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့် တို့ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

စက်ရုံပိတ်သိမ်းလိုက်တဲ့ အတွက် စက်ရုံဝန်ထမ်းတွေကို နိုင်ငံတော်ဥပဒေအတိုင်း အလုပ်ရပ်မှုနစ်နာကြေး ၃ လစာ ၊ နို့တစ်ကြေး ၁ လစာ ၊ လုပ်သက်ခွင့် ၁ လစာ၊ စုစုပေါင်း ၅ လစာ ပေးဖို့ ငွေကျပ် သိန်း၃၂၀၀ ကျော်သုံးသွားမယ်လို့လည်း ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီကဆိုထားကြောင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

နစ်နာကြေးလာရောက်ထုတ်ယူသူတွေကို ဇန်န၀ါရီ ၁၇ ရက်နေ့အထိ စစ်တောင်း စက္ကူစက်ရုံ ရုံးခန်းမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ကနေ ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ ကြီးကြပ် စစ်ဆေးရေးကော်မတီ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေရှေ့မှောက်မှာ နစ်နာကြေးပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။

နစ်နာကြေးထုတ်ယူဖို့ကျန်သေးတဲ့အလုပ်သမားတွေကို ဇန်န၀ါရီ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျိုက်ထိုမြို့ရဲ့သင့်လျော်ရာနေရာတွေမှာ ထုတ်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*