2:43 pm
မန္တလေး၊ ဇန်န၀ါရီ ၁၂
မန္တလေးမှ အမျိုးသားတစ်ဦးသည် Bee Talk လူမှုကွန်ရက် မှတဆင့် ချစ်သူရည်းစားဖြစ်ခဲ့သူနှင့် ပြင်ပတွင် သွားရောက် ချိန်းဆိုတွေ့ဆုံနေစဉ်လည်ပင်းဓါးထောက်ခံရပြီး ဖုန်းနှင့် ဆိုင်ကယ်လုယူခံလိုက်ရသည်။
၂၀၁၈ခုနှစ် ဇန်န၀ါရီလ ၇ရက်နေ့ ညနေ ၆နာရီခွဲအချိန်ခန့်က ဖုန်းနှင့် ဆိုင်ကယ်လုယူခံခဲ့ရသူသည် ဒေးဝန်းအနောက်ရပ်ကွက်၊ ၃၅ လမ်းနှင့် သင်္ဂဇာချောင်းလမ်းကြားတွင် Bee Talk လူမှုကွန်ရက်မှတဆင့် ချစ်သူရည်းစားဖြစ်ခဲ့သူနှင့် ချိန်းဆိုတွေ့ဆုံကာ စကားပြောနေစဉ် ဆိုင်ကယ်၂စီးနှင့် လူငယ်၃ဦး ရောက်ရှိလာကာ ဓါးထောက်လုယူခဲ့ခြင်းဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူ လူငယ်၃ဦးကို ပူးပေါင်းအဖွဲ့က ယမန်နေ့ညနေပိုင်းတွင် ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
အမှတ်(၆)နယ်မြေ ရဲစခန်းမှ အကြီးတန်းတာဝန်ရှိသူက ”ဆိုင်ကယ်နဲ့ဖုန်း အလုခံလိုက်ရတဲ့ ကောင်လေးက အသက်၂၀ ၀န်းကျင်ပဲ ရှိပါသေးတယ်။ သူနဲ့ Bee Talkကနေ ရည်းစားဖြစ်တဲ့ သူနဲ့ သက်တူရွယ်တူပါပဲ။ လိုင်းပေါ်မှာ တွေ့နေတာတော့ကြာပြီပြောတယ်။ ခုက အပြင်မှာ ပထမဆုံးတွေ့ဖြစ်တာ။ ပထမဦးဆုံးတွေ့ကြချိန်မှာ အခုလို အလုခံရတာပဲ”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိက Popular News ကိုပြောသည်။
ရဲမှတ်တမ်းတွင် ”—— ဆိုသူသည် Bee Talk မှ တစ်ဆင့် ခင်မင်ရင်းနှီးသူ နှင့် ပဲပုတ်တန်းဘုရားတွင် တွေ့ဆုံ၍ ဒေးဝန်းအနောက်ရပ်ကွက်၊ ၃၅ လမ်းနှင့် သင်္ဂဇာချောင်းလမ်းကြားသို့ သွားရောက် စကားပြောနေစဉ် MSX ဆိုင်ကယ်ပါ ဆိုင်ကယ် ၂ စီးနှင့် အမျိုးသား ၃ ဦးရောက်ရှိလာပြီး အမျိုးသား တစ်ဦးမှ အရိုးအသွား ၁ပေ ၆လက်မခန့်ရှိ ဓါးအားကိုင်ဆောင်ပြီး ——- ၏ဦးခေါင်းကို ဓါးနှောင့်ဖြင့်ထု၍ လည်ပင်းအား ဓါးဖြင့်ချိန်ရွယ်ကာ ၃၆ယ/xxxx Scoopy ဆိုင်ကယ်နှင့် ဖုန်း(၂)လုံးအား လုယူခဲ့သဖြင့် အမှတ်(၆)နယ်မြေ ရဲစခန်း(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄အရ အမှုဖွင့်ခဲ့ကြောင်း”ဖော်ပြထားသည်။
လုယူခဲ့သူ ၃ဦးနှင့် မိန်းခလေးတို့ ပတ်သတ်မှုရှိသည်ကို စစ်ဆေးမှုများအရမတွေ့ခဲ့ရဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိက ပြောသည်။
ယမန်နေ့ ညနေ ၄နာရီခွဲက ၈၆ လမ်း၊ လှေအသင်းလမ်းထောင့် ရှိ——ဆိုင်ရှေ့တွင် အမှုမှ လုယူခံလိုက်ရသော ဆိုင်ကယ်နှင့် ပုံစံတူဆိုင်ကယ်တစ်စီး၊ အခင်းဖြစ်စဉ်ကျူးလွန်သူများအသုံးပြုစီးနင်းခဲ့သော အနက်ရောင်ဆိုင်ကယ်တစ်စီးတို့ကို တွေ့ရှိရသဖြင့် ဆိုင်အတွင်း ၀င်ရောက်စစ်ဆေးရာမှ ဌေးအောင်ကျော်(ခ)တရုတ်ကြီး၊ မင်းခန့်(ခ)တူးမောင်၊ ဇေရဲ(ခ)ဇေကြီးတို့ ၃ ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်းရေးသားထားပါသည်။
PNews