ယခုကာလအတွင်း ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဖမ်းဆီးခြင်းမပြုဖို့ ဆွေးနွေးပြောဆိုထား

ယခုကာလအတွင်း ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဖမ်းဆီးခြင်းမပြုဖို့ ဆွေးနွေးပြောဆိုထား
January 11, 2018 AsianFame MediaGroup

2:49 pm
ယခုကာလအတွင်း ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဖမ်းဆီးခြင်းမပြုဖို့ ဆွေးနွေးပြောဆိုထား

26220063_1660251244018834_1551350085238051369_nနေပြည်တော် ၊ ဇန်န၀ါရီ ၁၁

ယခုကာလအတွင်း ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဖမ်းဆီးခြင်းမပြုဖို့ ၀န်ကြီးဌာန တာဝန်ရှိသူချင်း ပြောဆိုဆွေးနွေးထားတယ်လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၉ ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေးကိစ္စနဲ့ပတ်သတ်ပြီး မြန်မာအလုပ်သမားသံအရာရှိ ၊ ထိုင်းအလုပ်သမားညွှန်မှူး တို့ဟာ တွေ့ဆုံပြီးဆွေးနွေးခဲ့သေးတယ်လို့ အလုပ်သမားဝန်ကြီးဌာန ၊ ရွှေ့ပြောင်းလုပ်သားရေးရာဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ကျွန်မတို့ဘက်က မေးတာပေါ့နော် ဒီကြားကာလမှာ သူတို့ဘက်ကလည်း ပြင်ဆင်မှုနောက်ကျနေတာဆိုတော့ ဖမ်းတာဆီးတာ ဒီဟာကိုဘာမှ မလုပ်ဖို့ ထိုင်းDOE က ရဲတွေ နဲ့ညှိထားပါတယ်ဆိုတာကိုလည်းပြောထားပြီးသားပါ။ ကျွန်မတို့ကလည်း ဒီကာလမှာ ဘာလုပ်မှာလဲပေါ့နော်။ အဖမ်းခံရတဲ့ဖြစ်စဉ်တွေဖြစ်လာရင်ပေါ့နော်။ အဲ့ဒါကို သူတို့ ၀န်ကြီးဌာနတွေ နဲ့ဆောင်ရွက်ထားပြီးသားပါလို့ ကျွန်မတို့ ကိုပြန်ပြောထားပါတယ်” လို့ ၎င်းကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့က ထိုင်းနိုင်ငံ နကော့ပထုန် မှာရှိတဲ့ စက်ရုံ ၂ ရုံမှာ ထိုင်းပူးပေါင်းအဖွဲ့တွေက ၀င်ရောက်စစ်ဆေးရာ အလုပ်ရှင်အမည်မပြောင်းထားတဲ့အတွက် မြန်မာလုပ်သား ၄၀ လောက်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဖြစ်မှန်က လာအိုနဲ့ ထို်င်းအလုပ်သမား ၆ ဦးသာဖမ်းဆီးခံရတာဖြစ်တယ်လို့ အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာနက ပြန်လည်ရှင်းလင်းထားပါတယ်။

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဌဖြစ်သူ ဦးစိန်ဌေးကလည်း လက်ရှိကာလ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်မျိုး မကြားမိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့တဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေအတွက် အချိန် ၆ လထပ်တိုးပေးတယ်ဆိုတဲ့ ကြေညာစာနဲ့ နိုင်ငံကူးလက်မှတ် ၊ CI ၊ ယာယီလက်မှတ်ကိုင်ဆောင်ထားသူတွေ ကို ၃၀ ရက် ၃ လမှာ စာအုပ် ၊ ဗီဇာ ၊ Work Permit တွေ သက်တမ်းတိုးပေးမယ်ဆိုတဲ့ ကြေညာစာကို ထိုင်းအစိုးရကိုယ်တိုင်ကပဲ ထုတ်ပြန်ပြီးရက်ပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာလိုက်တဲ့အတွက် ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ ဖမ်းဆီးခံရနိုင်တဲ့ဖြစ်စဉ်တွေ ရှိလာနိုင်တာကြောင့် သတိရှိဖို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက သတိပေးနှိုးဆော်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန တာဝန်ရှိသူက “အဲ့ဒါကိုလည်း အခုရက်ပိုင်းအတွင်းမှာပဲ ကြေညာချက်ထွက်လာနိုင်ပါတယ်။ သူတို့ဘက်ကပြောတဲ့ပုံစံအရတော့ ရုပ်သိမ်းလိုက်တဲ့ကြေညာချက်က အစားထိုးချင်လို့ ပေါ့နော် ။ အခု ၁၅ ရက်နေ့မှာလည်း သူတို့အစည်းအဝေးရှိတာကိုး။ သူတို့ဘက်က လုပ်ငန်းစဉ်တွေ ပြန်လည်ပြင်ဆင်တာတွေရှိတဲ့အတွက် ကြောင့်လို့ ပြောပါတယ်။ ဒါက အလွတ်သဘောပြောထားတာပေါ့နော် ။ ၀န်ကြီးအစည်းအဝေးအတည်ပြုချက်ကိုစောင့်နေတာလို့ ပြောပါတယ် ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမ၀င်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအရေးကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းအစိုးရက အခု ကာလမှာ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေ အထဲက အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေ ကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်တွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်နေကြတာလည်းဖြစ်ပါတယ်။

တစ်ကယ်လို့ အထောက်အထားမဲ့အဖြစ် ဖမ်းဆီးခံခဲ့ရရင်တော့ ထိုင်းအစိုးရက အသစ်ပြဌာန်းအတည်ပြုထားတဲ့ ဥပဒေအရ ကြီးလေးတဲ့ ဒဏ်ငွေနဲ့ပြစ်ဒဏ်တွေ ချမှတ်ခံရမှာဖြစ်ပါတယ်။

YL

Photo- Labour Hittain

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*