ကြားဖြတ်ရွေးကောက်ပွဲထပ်မံပြုလုပ်မည့်ရက် ရွေး/ကော်မှ ယခုထိအတိအကျမထုတ်ပြန်၍ အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ များ အခက်ကြုံနေ

ကြားဖြတ်ရွေးကောက်ပွဲထပ်မံပြုလုပ်မည့်ရက် ရွေး/ကော်မှ ယခုထိအတိအကျမထုတ်ပြန်၍ အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ များ အခက်ကြုံနေ
January 8, 2018 AsianFame MediaGroup

4:38 pm
ကြားဖြတ်ရွေးကောက်ပွဲထပ်မံပြုလုပ်မည့်ရက် ရွေး/ကော်မှ ယခုထိအတိအကျမထုတ်ပြန်၍ အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ များ အခက်ကြုံနေ

26196043_1657304360980189_8157969044704303348_n

ရန်ကုန်၊ ဇန်န၀ါရီ ၈

ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများတွင်ဖြေကြားထားသော်လည်း ရက်အတိအကျမထုတ်ပြန်၍ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအရပ်ဘက်အဖွဲ့အစည်းအချို့ ပြင်ဆင်ရအခက်အခဲရှိကြောင်းသိရသည်။ လစ်လပ်လျှက်ရှိသော လွှတ်တော်နေရာ (၇) နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်းမှ ပြည်တွင်းသတင်းမီဒီယာများတွင် ဖြေကြားထားသော်လည်း ယခုအထိ ကျင်းပမည့်ရက်ကို မထုတ်ပြန်သေး၍ အရပ်ဘက်အဖွဲ့ အစည်းများအနေဖြင့် ဘတ်ဂျတ်ရေးဆွဲရမည့်ကိစ္စ၊ ရွေးကောက်ပွဲပြုလုပ်မည့် နယ်မြေအချက်အလက်များ လေ့လာရမည့်ကိစ္စများအပါအ၀င် အခြားသော ဆောင်ရွက်ရမည့်ကိစ္စများအတွက် အခက်ကြုံနေသည်ဟု အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့  တစ်ဖွဲ့  ဖြစ်သည့်ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE မှ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကပြောသည်။

”ကျွန်တော်အဖွဲ့ အနေနဲ့ ထပ်လုပ်သွားမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်(၇) နေရာစလုံး လေ့လာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အခုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယအကြိမ်မြောက်တာဝန်ယူလုပ်ဆောင်သွားရမယ့် ရွေးကောက်ပွဲဖြစ်တော့ ပထမတစ်ကြိမ်ထက် ဘယ်လိုတွေကောင်းအောင်ဆောင်ရွက်သွားမလဲ ဆိုတာလေ့လာစောင့်ကြည့်သွားပါမယ်။ ဒါပေမယ့် သူတို့ က အခုထိ ရက်အတိအကျ ထုတ်ပြန်ခြင်းမရှိတော့ ကျွန်တော်တို့အနေနဲ့ က တော်တော်လေး အခက်တွေ့ တယ်။ရွေးကောက်ပွဲလုပ်သွားမယ့် နယ်မြေနေရာတွေရဲ့ အချက်အလက်ဆိုင်ရာတွေ၊ ဘတ်ဂျတ်ဘယ်လောက်ကုန်မလဲဆိုတာ ရေးဆွဲဖို့ လိုတယ်။ လွှတ်တော်ဘက်ကနေ လစ်လပ်နေတယ်လို့ ရွေးကော်ကိုအကြောင်းကြားပြီိး ၆ လအတွင်းအပြီိးလုပ်ရမယ်လို့ တော့ ဥပဒေထဲပါတယ် ” ဟုသူကပြောသည်။

ငြိမ်းချမ်းမျှတ လူမှုအဖွဲ့ အစည်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်ရွှေရည်ကလည်း ” ကျွန်မတို့ အရပ်ဘက်အဖွဲ့  အစည်းတွေအနေနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေရာတွေကို လေ့လာစောင့်ကြည့်သွားဖို့ ဗော်လန်တီယာတွေခေါ်တာ ပြီိးတော့ သူတို့ ကို ထရိန်နင်ပေးတာတွေလုပ်ဖို့ရှိပါတယ်အဲဒါမှ သူတို့ ကို အစမ်းလေ့ကျင့်တာတွေလည်း သင်တန်းပေးနိုင်မယ် ပြီးတော့ ငွေရေးကြေးရေးကိစ္စလည်းရှိသေးတယ်။ အခုလို ကြိုတင်ထုတ်ပြန်မပေးသေးတော့ ပြင်ဆင်ရတာခက်ခဲပါတယ်” ဟု ဆိုသည်။

ယခုအစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ က ကြားဖြတ်ရွေးကောက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီိး တိုင်းနှင့်ပြည်နယ် (၈) ခုမှ မြို့နယ် (၂၂)တွင် ကျင်းပခဲ့သည်။ ပြည်သူ့ လွှတ်တော်တွင် ၉ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၃ နေရာ နှင့် တိုင်းဒေသကြီး ၊ပြည်နယ် လွှတ်တော်တွင် ၇ တို့ဖြင့် လစ်လပ်နေရာ ၁၉ နေရာရှိခဲ့သည်။နိုင်ငံရေးပါတီ ၂၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။PACE အဖွဲ့ အပါအ၀င် ရွေးကောက်ပွဲလေ့လာစောင့်ကြ့ည့်ရေးအရပ်ဘက်အဖွဲ့ အစည်းများသည် ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲပြုလုပ်သည့် ၂၂ စလုံးလေ့လာစောင့်ကြည့်၍ စာတမ်းများထုတ်ပြန်ခဲ့ကြသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*